ပွင့်ဖြူ မတ် ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံလျာထားဧက ပြည့်မီရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံများ စတင်စိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဖေဖော်ဝါရီလ (၁၅)ရက်နေ့က စပြီး မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေ စိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးထားကြောင်း သိရသည်။
“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မဲဇလီရေလွှဲဆည်ရေဖြင့် နှစ်စဉ် နွေသီးနှံ စိုက်ပျိုးရေးကို အားထားလုပ်ကိုင်ကြပါတယ်။ နွေသီးနှံစိုက်ပျိုးရာတွင် နွေစပါးနဲ့ နွေနှမ်းကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ကျွန်တော်မြို့နယ်မှာ ယခုနှစ် နွေသီးနှံစိုက်ပျိုးရေကို မဲဇလီရေလွှဲဆည်ရေမှ ဖေဖော်ဝါရီ(၁၅)ရက်နေ့ကစပြီး ဖြန့်ဝေ ပေးတာဖြစ်လို့ တောင်မုန်းမြောင်းမကြီး ဆည်ရေသောက် ဧရိယာရှိ နွေစပါးစိုက်ပျိုးတောင်သူတွေက သီးနှံလျာထားဧက ပြည့်မီစေရေးအတွက် မိမိတို့၏ လယ်ယာမြေများကို ထွန်ယက်ပြုပြင်ပြီးတော့ စတင်စိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်ပါတယ်။ နွေစပါး စိုက်ပျိုးခြင်းကိုတော့ ကျဲပက်စနစ်ဖြင့် စိုက်ပျိုးကြသလို ပျိုးထောင်စနစ်လည်း စိုက်ပျိုးကြပါတယ်။ ဒေသခံ တောင်သူတွေကို နွေစပါးသီးနှံစိုက်ပျိုးရာ၌ တစ်ဧကအထွက်နှုန်း တိုးတက်စေဖို့ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေက စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနေပါတယ်။ ကျွန်တော်တို့ဒေသမှာ တောင်သူတွေ အားထားစိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ဧရာမင်း ၊ မနောသုခ ၊ ဆင်းသုခ ၊ ပေါ်ဆန်းရင် ၊ သီးထပ်ရင် ၊ ပခန်းရွှေဝါ ၊ ချမ်းမြေ့မေ စတဲ့ စပါးမျိုးတွေပဲ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ မြို့နယ်ဟာဆိုရင် မကွေးတိုင်းဒေသကြီးအတွင်း ဆည်ရေသောက် ဧရိယာအများဆုံးဖြစ်လို့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှု အများဆုံးလည်း ဖြစ်ပါတယ်။ ဆီထွက်သီးနှံ နွေနှမ်းနဲ့ အခြားနွေသီးနှံကတော့ မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာမှာရှိတဲ့ တောင်သူတွေ စိုက်ပျိုးကြမှာဖြစ်ပြီး အချိန်မီ စိုက်ပျိုးနိုင်အောင် ဒေသခံတောင်သူတွေက လယ်ယာမြေများ ထွန်ယက်ပြုပြင်ခြင်းများ ဆောင်ရွက်နေကြပါတယ်။ ကျွန်တော်တို့ဒေသက စိုက်ပျိုးရေအဆင်ပြေတဲ့ အတွက် ရာသီအလိုက် သီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးစိုက်ဧက ၂၉၅၄၈ ဧက ၊ နွေနှမ်း ၂၇၁၉၃ ဧက ၊ အခြားနွေသီးနှံ ၃၆၈၇ ဧက ၊ စုစုပေါင်း နွေသီးနှံစိုက်ဧက ၆၀၄၂၈ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေဖြင့် နွေသီးနှံလျာထားဧက ပြည့်မီရေးအတွက် လယ်ယာသုံးစက်ကိရိယာများဖြင့် လည်းကောင်း ၊ ကျွဲနွားများဖြင့်လည်းကောင်း အားသွန်ခွန်စိုက် စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )