၁၃၈၄-ခုနှစ်၊ ၂၀၂၃-ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ သန့်ရှင်းအေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေး ကြီးကြပ်ရေးဖွဲ့စည်းမှု အစည်းအဝေး မုံရွာမြို့တွင် ကျင်းပ

မုံရွာ မတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် သံဃနာယကအဖွဲ့ရုံးတည်ရှိရာ မြို့မရွှေဂူကျောင်းတိုက်၊ သီရိရံသီကျောင်းတွင် ၁၃၈၄-ခုနှစ်၊ ၂၀၂၃-ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ သန့်ရှင်းအေးချမ်းအောင်မြင်စွာကျင်းပနိုင်ရေး ကြီးကြပ်ရေးဖွဲ့စည်းမှု အစည်းအဝေးကို ယမန်နေ့ညနေ (၃) နာရီက ကျင်းပပြုလုပ်ရာ မုံရွာမြို့ မြို့မရွှေဂူကျောင်းတိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီး ဘဒ္ဒန္တပဏ္ဍိတ နှင့် ပင့်သံဃာတော်များ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများမှ နမောတဿ ၃ ကြိမ် ဘုရားကန်တော့၍ ဖွင့်လှစ်ပေးကြပြီး မုံရွာမြို့ မြို့မရွှေဂူကျောင်းတိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီး ဘဒ္ဒန္တပဏ္ဍိတက ဩဝါဒကထာမိန့်ကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆရာတော်ဆောင် ဆရာတော်ကအစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေးဆရာတော်များ စာရင်းကိုဖတ်ကြား၍ ဆရာတော်များနှင့် တက်ရောက်လာကြသူများက သာဓု ၃ ကြိမ်ခေါ်ဆိုကာ အတည်ပြုပေးခဲ့ကြသည်။

ထို့နောက် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းတို့ ဦးဆောင်သော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၁၃၈၄-ခုနှစ်၊ ၂၀၂၃-ခုနှစ် အစိုးရဓမ္မာစရိယ နှင့် ပါဠိပထမပြန်စာမေးပွဲကို (၂၁.၃.၂၀၂၃)ရက်နေ့ မှစတင်ပြီး (၃.၄.၂၀၂၃) ရက်နေ့အထိကျင်းပမည်ဖြစ်ရာ အဆိုပါ စာမေးပွဲအတွက် လိုအပ်သော လုံခြုံရေး၊ ကျန်းမာရေး၊ နေရာထိုင်ခင်းပြည့်စုံရေး၊ သန့်ရှင်းရေး၊ ဆွမ်းကွမ်းအချိုရည်များ ဆက်ကပ်နိုင်ရေးစသည့်ကိစ္စများကို တာဝန်ယူဆောင်ရွက်ပေးနိုင်ရန်အတွက် အသီးသီးလျှောက်ထားတင်ပြ အကြံပြုဆွေးနွေးခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု ၃ ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)