လွိုင်ကော်မြို့၌ လူငယ်စကားဝိုင်းကျင်းပ

လွိုင်ကော် မတ် ၉

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်နယ်အားကစားရုံ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်ကော်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းသားလူငယ်များ၊ အားကစားနည်း များအလိုက် နည်းပြဆရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး စကားဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်ကော်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမြင့်မှ အစီအစဉ်တင်ဆက်သူ အဖြစ်ဆောင်ရွက်၍ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ဖြစ်သော လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာ ဗဟုသုတတိုးပွားလာစေရန်၊ ရရှိလာသောအသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ယခုကဲ့သို့ဆွေးနွေးပွဲများတွင် ပူးပေါင်းပါဝင်ဆွေးနွေး တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသားလူငယ် ၆ ဦးမှ ရှင်သန်လှုပ်ရှား ပိုက်ကျော်ခြင်းအားကစား၊ စစ်တုရင်ကစားကြမယ်၊ တင်းနစ်အကြောင်းသိထားစေဖို့၊ ပျော်ရွှင်လှုပ်ရှား အေရိုးဗစ်ကစား၊  ပေါ့ပေါ့ပါးပါး ကြက်တောင်ကစားသမားနှင့် ကျန်းမာစေရန် စားပွဲတင်တင်းနစ်ကစားရန် စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသားလူငယ်များက မိမိတို့သိရှိလိုသော အကြောင်းအရာများကို မေးမြန်းကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည် ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)