တနင်္သာရီ မတ်လ ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်း သင်တန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) အတွင်း မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ရာ ပန်းချီနည်းပြဆရာနှင့်အတူ သင်တန်းသူ/သားများတက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက ကျောင်းနေအရွယ် ကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်းမှာ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်၏တန်ဖိုးကို သိရှိနားလည်စေရန်၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ချစ်ခင်တတ်စေရန်၊ ဖြတ်ထိုးဉာဏ်များ ရင့်သန်လာစေရန်…စသဖြင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် ပန်းချီဆရာ ဟိန်းသာသာ က ယနေ့ခေတ်လူငယ်လူရွယ်များ ကလေးရွယ်များမှစ၍ ပန်းချီအနုပညာအခြေခံ အကြောင်းများကို သိရှိနားလည်မှုရှိရန်နှင့် သင်တန်းစည်ကမ်းများကို ရှင်းလင်းပြောကြားပေးသည်။
ဆက်လက်၍ ပန်းချီဆရာဟိန်းသာသာက ခဲပန်းချီ/ဆေးရောင်စုံ ရေးဆွဲနည်းများ အခြေခံမှစ၍ စိတ်ဝင်စားဖွယ်လက်တွေ့ သင်ကြားပေးသည်။ ၎င်းအခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို မတ်လ(၉ ရက်မှ ၁၄ ရက်အထိ) (တနင်္ဂနွေနေ့မပ) မူလတန်းအဆင့် ကျောင်းသူ/သားများ(၁၇)ဦး စိတ်ဝင်တစား တက်ရောက်သင်ယူကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)