မယ်စဲ့ မတ် ၉
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ခရိုင်/ မြို့နယ်အဆင့်တို့၌ တာဝန်ထမ်းဆောင် နေသော ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်ဈေးနှုန်းများမြင့်တက်ချိန် ဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ကယားပြည်နယ် အစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မယ်စဲ့မြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ကိုယ်စား ခရိုင်စီခံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ဒေသ၏အခြေ အနေကြောင့် အခက်အခဲများကြားတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ခြင်းဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ဆန်နှင့် ဆီထောက်ပံ့မှုအပေါ် ဝန်ထမ်းများ၏ကိုယ်စား မြို့နယ်ပညာရေးမှူး ဒေါ်မင်းမင်းသန်းက ကျေးဇူးတင်စကားပြောကြားသည်။ ကယားပြည်နယ်အစိုးရအဖွဲ့မှ မယ်စဲ့ခရိုင်၊ မြို့နယ်အတွင်းရှိ ဝန်ထမ်းများအား တစ်ဦးလျင် ဆန် ၁၂ ပြည်၊ ဆီ ၅၀ ကျပ်သား၊ တန်ဖိုးသင့်ငွေကျပ် ၅၆၀၀၀ နှုန်းဖြင့် ဝန်ထမ်း ၂၈၄ ဦးအတွက် စုစုပေါင်း ငွေကျပ် ၁၅၉၀၄၀၀၀ တို့ကို ဝန်ထမ်းတစ်ဦးချင်းစီ လက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ ဆက်)