ပခုက္ကူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

ပခုက္ကူ မတ် ၉

၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စာစစ်ဌာနနှစ်ခု၌ ပထမနေ့စာမေးပွဲအဖြစ်(မြန်မာစာဘာသာ)ကို ယမန်နေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုကြသည်။

ပခုက္ကူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်‌ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူပေါင်း ၆၈၅ ဦး စာရင်းပေးသွင်းထားပြီး မတ်လ ၈ ရက်ပထမနေ့စာမေးပွဲ(မြန်မာစာဘာသာ)ကို လာရောက်ဖြေဆိုသူကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၅၇၄ ဦးရှိ‌သောကြောင့် ဖြေဆိုမှုနှုန်း ၈၃ဒသမ၈၀ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)