တောင်တွင်းကြီး မတ် ၉
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပလျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနကျောင်းအား ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ အခြေအနေများကို ယမန်နေ့နံနက်(၁၀)နာရီက တောင်တွင်းကြီးတပ်နယ်မှတပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်အတွင်းတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စီစဉ်ထားရှိသော စာဖြေဌာနကျောင်းများဖြစ်သည့် တောင်တွင်းကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ဆတ်သွားကျေးရွာ အထက်တန်းကျောင်းသို့ ကွင်းဆင်းသွားရောက်ပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် စာဖြေခန်းများအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ လုံခြုံရေးစီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တာဝန်ခံကျောင်းအုပ် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား/ကျောင်းသူများ အန္တရာယ်ကင်းစွာနှင့် စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးမှာကြား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ ဖြေဆိုကျင်းပမည့်ဖြစ်ကာ တစ်မြို့နယ်လုံးဖြေဆိုရန် လျှောက်ထားသူဦးရေအနေဖြင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း(၁၂၇၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)