ပန်းတောင်း မတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြေနုကျွန်းပေါ်တွင် စားဖိုချောင်သုံးသီးနှံတစ်ခုဖြစ်သည့် ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ကြောင်း ခရမ်းချဉ်သီးစိုက်ပျိုးတောင်သူ ဦးသန်းဌေးထံက သိရသည်။
ထို့နောက် ခရမ်းချဉ်သီးစိုက်တောင်သူ ဦးသန်းဌေးက မြေနုကျွန်းပေါ်တွင် စိုက်ပျိုးထားသော ခရမ်းချဉ်သီး၊ သခွားသီးများကို စိုက်ပျိုးလျက်ရှိရာ ပေါ်ကာစတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၀၀၀ကျပ် နှုန်းနှင့် သခွားမွှေးတစ်လုံးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဖောက်သည်ဒိုင်သို့ ပေးသွင်းရောင်းချလျက်ရှိကြောင်း သိရသည်။ ယခုအခါ တပေါင်းလဆန်းမှစတင်၍ ခရမ်းချဉ်သီး တစ်ပိဿာကို ကျပ် ၈၀၀ မှ ၁၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း တောင်သူ ဦးသန်းဌေးထံမှ သိရသည်။
ပန်းတောင်းမြို့နယ်တွင် ခရမ်းချဉ်များကို ပန်းတောင်းမြို့နယ်အတွင်းရှိ သူရဲဇီးကျေးရွာ၊ သရက်လိန်ကျေးရွာ၊ မင်းရပ်ရပ်ကွက်၊ ဝန်လိုရပ်ကွက်များတွင် မြေအောက်ရေသွင်းခြင်းဖြင့် စိုက်ပျိုးလျက်ရှိပြီး ယခုအခါ ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါများ နေပြီဖြစ်သကဲ့သို့ ဈေးနှုန်းလည်း သင့်တင့်လျက်ရှိကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)