မကွေး မတ် ၉
မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ၏ စတုတ္တ(၃)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးကျော်ခိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဆောင်ရွက်မည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဖြစ်သည့် မြေစိုက်ပိုစတာ စိုက်ထူနိုင်ရေး၊ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show နှင့် ရုံးရှေ့မြေစိုက်ဘုတ်များတွင် ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာကြသည့်အဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည့်လုပ်ငန်းများ၊ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသီးသီးဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)