ထားဝယ် မတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Southern Coastline Group Co.,Ltd တို့အကြားတည်ဆောက်၊ ပိုင်ဆိုင်၊ လုပ်ကိုင်ခြင်းဆိုင်ရာ သဘောတူစာချုပ် (B.O.O) စာချုပ်လက်မှတ်ရေးထိုးချုပ် ဆိုသည့် အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီ က ထားဝယ်မြို့၊ တိုင်းဒေဿကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အား အနေဖြင့် လိုအပ်ချက်များစွာ ရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မြေအနေအထားအရ ရှည်လျားခဲ့ပြီး ရင်းနှီးမြှပ်နှံမည်သူများလိုအပ်ကြောင်း၊ ၂၀၁၀-၂၀၁၅ ခုနှစ် ကတည်းက လျှပ်စစ်ဓာတ်အားရရှိမှု အားကြိုးစားဆောင်ရွက်ခဲ့ရာ ယခုအခါ ထားဝယ်ခရိုင်တွင် ဂတ်စ်တာဘိုင် အနေဖြင့် အတိုင်းအတာ တစ်ခုအထိအောင်မြင့်ခဲ့ကြောင်း၊ ထားဝယ်ဒေသတွင် ဂတ်စ်တာဘိုင်နှင့် ရေအားလျှပ်စစ်ဓာတ်အား ပူးတွဲသုံးစွဲ လျက်ရှိကြောင်း၊ တိုင်းဒေသကြီးသို့ National Grid မဟာဓာတ်အားလိုင်း ရောက်ရှိပါက ထားဝယ်နှင့်မြိတ်ဒေသအား ဦးစားပေးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မြိတ်နှင့်ကော့သောင်းဒေသသို့ ထားဝယ်ကနေတဆင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ကုမ္ပဏီများအနေဖြင့်လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားကို အတိုင်းအတာ တစ်ခုအထိရရှိအောင် ကြိုးစားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေး ပြောကြားပြီး Southern Coastline Group Co.,Ltd က ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Southern Coastline GroupCo.,Ltd တို့အကြားတည်ဆောက်၊ ပိုင်ဆိုင်၊ လုပ်ကိုင်ခြင်းဆိုင်ရာ သဘောတူစာချုပ်(B.O.O) အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)