ကံမမြို့နယ် ထန်းကောက်ကျေးရွာအုပ်စု ငွေလေးကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကံမ  မတ် ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ  ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထန်းကောက်ကျေးရွာအုပ်စု ငွေလေးကျေးရွာမှ ပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၁)နာရီက ငွေလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။                   

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးက ဒေသဖွံ့ဖြိုးရေး၊  တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှုး ရဲမှူး ခင်ဝင်းဇော်က ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် စည်းကမ်းလိုက်နာကြရန် အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် အဖွဲ့ဝင်(၃) ဦးတင်အောင်ဝင်းက လူဦးရေကောက်ယူခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှု အခြေအနေများအားပြောကြားကြပြီး   ဒေသခံပြည်သူများ၏သိရှိလိုသည့် မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ   အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဌာနမှ  ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်၍ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌   ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)