သာယာဝတီ ဖေဖော်ဝါရီ ၂၈
နိုင်ငံတစ်ချို့တွင် ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် 2019 Novel Corona Virus (အဆုတ်ရောင်) ကူးစက်ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် သာယာဝတီမြို့ လူစည်ကားရာ ကားဂိတ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို ရေဝေရပ်ကွက် ပြည်တော်သာရပ်ကွက် လှည်းလမ်းကူး ကျေးရွာအုပ်စု သရက်ကုန်းကျေးရွာအုပ်စု မရမ်းအင်းကျေးရွာအုပ်စုတို့တွင် ကျန်းမာရေး ဝန်ထမ်းများက အဖွဲ့များခွဲ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသည့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus စတင်ဖြစ်ပွားမှုနှင့် ကူးစက်ပျံ့နှံ့နေမှု၊ ရောဂါ၏လက္ခဏာများ၊ ကြိုတင်ကာကွယ်ရန် လိုက်နာရမည့် အရေးပါသည့် ဆောင်ရန်/ ရှောင်ရန် အချက်များ၊ လူနေထူထပ်သည့် နေရာများသို့ သွားလာပါက နှာခေါင်းစည်း တပ်ဆင်ကြရန်၊ နှာချေချောင်းဆိုးသည့်အခါ အသုံးပြုသည့် လက်ကိုင်ပုဝါ(သို့မဟုတ်) တစ်ရှူးစများကို စနစ်တကျ စွန့်ပစ်ကြရန်၊ လက်ကို စင်ကြယ်အောင် မကြာခဏ ဆေးကြောကြရန် စသည့် သတိပေးချက်များပါသည့် အသိပညာပေး လက်ကမ်းစာစောင်များအား လိုက်လံဖြန့်ဝေပေးခဲ့ခြင်း အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြပြီး အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus ကြိုတင်ကာကွယ်ရေး ဆောင်ရန်/ ရှောင်ရန်နှင့် သတိပြုနေထိုင်ရမည့် အချက်များအား ပြည်သူများ သိထားနိုင်ကြစေရန် လက်ကိုင်စပီကာများဖြင့် နှိုးဆော်အသိပေးခြင်း၊ နံရံကပ်ပိုစတာများအား အများပြည်သူ သွားလာများပြား၍ အလွယ်တကူ မြင်သာနိုင်သည့် နေရာများတွင် လိုက်လံကပ်၍ အသိပညာပေးခြင်း အများပြည်သူမြင်သာထင်ရှားသည့် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ကပ်ထားပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)