ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကန့်ဘလူ မတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြသပွဲကို မတ် ၈ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်ပြသပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အလုပ်ရုံ၊ အလုပ်သမားနှင့် ဥပဒေစစ် ဆေးရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မြင့်မြင့်အေးက ကလေးအလုပ်သမား၏ အဓိပ္ပါယ်နှင့်ကလေးအလုပ်သမား အသက်အရွယ်ပိုင်းခြားထားပုံများ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ဟောပြောဆွေးနွေးခဲ့သည်။

 ထို့နောက် တက်ရောက်လာကြသော ကျောင်းသားကျောင်းသူ လူငယ်များကဌာနမှခင်းကျင်း ပြသထားသည့် နံရံကပ်၊ဓာတ်ပုံများနှင့်သုတရသ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)