အုတ်တွင်း မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို မြို့နယ်တွင်းစာစစ်ဌာနလေးခု၌ ယနေ့နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းအဖွဲ့များက မြို့နယ်အတွင်းရှိ စာစစ်ဌာနလေးခုတွင် ကျောင်းသားကျောင်းသူများ၏ကျန်းမာရေး၊ လုံခြုံရေးနှင့် စိတ်အနှောင့်အယှက်မရှိ စာမေးပွဲဖြေဆိုနိုင်ရေး အပြင်စည်း/အတွင်းစည်းခွဲ၍ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် အုတ်တွင်း အ.ထ.က၊ ကျွဲပွဲ အ.ထ.က၊ တပ်နယ်အထကနှင့် ထန်းကုန်းအထက စာစစ်ဌာနလေးခုရှိပြီး စာရင်းရှိ ကျောင်းသားကျောင်းသူဦးရေ ၄၅၅ဦး ဝင်ရောက်ဖြေဆိုသူ ၄၀၂ ဦး ပျက်ကွက် ၅၃ ဦးရှိကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း ၈၈ ဒသမ ၃၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့မတ်လ ၈ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)