ပြည်မြို့နယ်ရှိ စာစစ်ဌာနငါးခု၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း‌စွာလာရောက်ဖြေဆို

ပြည် မတ် ၈

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစတင်ကျင်းပသည့် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော အ.ထ.က(၁)၊ အ.ထ.က(၄)၊ အ.ထ.က(၅)၊ အ.ထ.က(ပေါင်းတလည်)နှင့် အ.ထ.က(ဝက်ထီးကန်)အစရှိသည့် စာစစ်ဌာနငါးခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း‌ပျော်ရွှင်စွာလာရောက်ဖြေဆိုလျက်ရှိသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုအဖွဲ့အစည်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကြီးကြပ်ရေးမှူးဆရာ/ဆရာမများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စာစစ်ဌာနအလိုက်လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

စာမေးပွဲဖြေဆိုမှုအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ်‌ ဒေါက်တာသက်လွင်၊ တိုင်းဒေသကြီးပညာရေးမှူး(ရုံးခွဲ) ပညာရေးမှူးဦးတင်ယုနှင့်ခရိုင်ပညာရေးမှူးဒေါ်စန်းစန်းဝင်း၊  မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းသိန်းနှင့် မြို့နယ်ပညာရေးမှူး‌ ဒေါ်နော်အေးမေတို့က လိုက်လံကြည့်ရှုစစ်ဆေးအားပေးကြပြီး ပြည်မြို့နယ်၏ အဆိုပါစာစစ်ဌာနငါးခု၌ ဘာသာတွဲအလိုက် စုစုပေါင်းစာဖြေဆိုသူဦးရေစာရင်း ၁၁၉၁ ဦးရှိကြောင်းနှင့် ပြည်ခရိုင်ချုပ်စုစုပေါင်းစာဖြေဆိုသူဦးရေစာရင်း ၂၆၄၇ ဦးဖြစ်ကြောင်း တိုင်းပညာရေးမှူး(ရုံးခွဲ)မှ သိရသည်။

ကိုဆက်(ပြန်/ဆက်)