ငဖဲမြို့နယ်၌ မိုးစပါး ၇၆၂၇ ဧကစိုက်ပျိုးပြီးစီး

ငဖဲ စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ မိုးစပါးစိုက်ဧက ၇၆၂၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စပါးမျိုးကွဲအလိုက်စိုက်ဧကမှာ မနောသုခ (၃၁၂၇)ဧက၊ဆင်းသုခ (၁၀၆၂)ဧက၊ ရတနာတိုး (၈၅၅)ဧက၊ ဧရာမင်း (၂၀၃၉)ဧက၊ကောက်ညှင်း (၃၇) ဧကနှင့် တောင်ယာ (၅၀၇)ဧက စုစုပေါင်း (၇၆၂၇)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးကျော်လင်းထွန်း ထံမှသိရှိရသည်။ ငဖဲမြို့နယ်တွင် ၂၀၁၉ခုနှစ်၊ မိုးစပါးဧက ၁၀၀၀၀ ကျော်စိုက် ပျိုးရန်လျာထားခဲ့ရာမှ စိုက်ဧက (၉၆၅၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက ၉၆၅၄ ဧကတွင် တစ်ဧကအထွက်နှုန်း ၇၃.၂၁ တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။

မိုးစပါးစိုက်ပျိုးရန်ရေကို အစိုးရဆည်များဖြစ်သော မန်းချောင်းရေလှောင်တမံဆည်မှ (၂၉၇၄) ဧက ၊ ရင်းရှည်ရေလှောင်တမံဆည်မှ (၂၈၅)ဧက၊ဆည်ငယ်၊ကန်ငယ်များမှ (၃၇၄၃)ဧက၊ မိုးရေမှ (၁၁၈) ဧကနှင့် တောင်ယာစိုက်ဧက (၅၀၇) ဧကသို့ စိုက်ပျိုးရေရရှိပြီးစိုက်ပျိုးပြီးစီးခဲ့သည်။

ယခုနှစ်မိုးစပါးကို ယခင်နှစ်ကထက်၂၀၂၇ ဧကစိုက်ပျိုးမှုလျော့နည်းသွားခြင်းသည် တောင်ယာ စပါးစိုက်ပျိုးမှု နှင့်မိုးရွာသွန်းမှုမှာ ယခင်နှစ်ကထက်လျော့နည်းလာခြင်း၊ ရင်းရှည်ရေလှောင်တမံနှင့် မိုးကောင်းသောက် လယ်များ သို့ ဆည်ငယ်၊ ကန်ငယ်များမှ ရေဝင်ရောက်မှုနည်းပါးသောကြောင့်ဖြစ် ကြောင်း သိရသည်။

မယု(ငဖဲ)