စလင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

စလင်း မတ် ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ ဒေသဖွံဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ် အချိန်က ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုင်ရာများအတွက် အဖွဲ့ဝင်(၁)ဗိုလ်မှူးထင်လင်းအောင်၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးတင်အေး၊ အဖွဲ့ဝင် ဦးစိန်လင်းနှင့် စိုက်ပျိုးရေး၊ ဆည်မြောင်း၊ မြေစာရင်းအင်းဌာန၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း မိမိတို့ကျေးရွာ၊ ရပ်ကွက်များအတွင်း အသံချဲ့စက်၊ မီးသုံးစွဲခွင့်နှင့် စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုများကို ဆွေးနွေးခဲ့ကြပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ ရပ်ကျေးဥပဒေ၊ ပုဒ်မလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဘဏ်ချေးငွေများအား ပြန်လည်ပေးဆပ်ကြရန်နှင့် ၂၀၂၀ ကြွေးကျန်သော ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် အတွင်းရေးမှူးများကိုလည်း ပေးသွင်းကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ ယခုနှစ်အတွင်း ဆောင်ရွက်ရန်ရှိသည့် ဖွံဖြိုးရေးလုပ်ငန်းများ၊ ဆည်ရေပေးဝေနိုင်မှုအခြေအနေများ၊ ဆည်ရေကိုစနစ်တကျသုံးစွဲနိုင်ရေး ရေရရှိမှုအခြေအနေတို့ကို ဆွေးနွေးတင်ပြခဲ့ပြီး၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက ဌာနအလိုက် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဌာနအလိုက် ဆွေးနွေးတင်ပြသွားခဲ့သည်။ ရပ်ကွက်၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ လိုအပ်သည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းပြောကြားခဲ့ကာ လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)