ပန်းတောင်းမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲစတင်ဖြေဆို

ပန်းတောင်း မတ် ၈                 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင် တည်းကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် ပန်းတောင်းမြို့နယ်ရှိ စာစစ်ဌာနများ၌  ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စာမေးပွဲ စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိစာစစ်ဌာနများဖြစ်သည့် အ.ထ.က ပန်းတောင်း၊ အ.ထ.က ရှားဖြူကွင်း၊ အ.ထ.က ဂုံညင်းတန်း၊ အ.ထ.က ဥသျှစ်ပင်၊ အ.ထ.က ထုံးဘို၊ အ.ထ.က ဆင်တဲ စသည့် စာစစ်ဌာန(၆)ခုတွင် ဖြေဆိုမည့်သူ (၅၉၈) ဦးရှိပြီး ၉၂.၁၄% ဖြေဆိုကြကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ  ၁၈ ရက်နေ့အထိ ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလားအပ်သောကိစ္စရပ်များ မဖြစ်ပေါ်ရေး၊ မသမာသောကိစ္စရပ်များမဖြစ်ပေါ်စေရေးနှင့် စာမေးပွဲဖြေဆိုမှုကို အနှောက်အယှက်မဖြစ်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအေးကြိုင်၊ အဖွဲ့ဝင်(၃) ဦးကျော်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက စာစစ်ဌာနအသီးသီး၌ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

သင်းသင်းအေး(ပြန်/ဆက်)