လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးလက်ရေရရှိရေးလုပ်ငန်းများ လွဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

လေးမျက်နှာ မတ်လ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေရရှိရေးလုပ်ငန်းများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူက ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း တွင်းနက်တူးဖော်ခြင်းလုပ်ငန်း(၂)ခု၊ အိမ်သွယ်ရေတိုင် သွယ်တန်းခြင်းလုပ်ငန်း(၂)ခုနှင့် ဆိုလာရေတင်ခြင်းလုပ်ငန်း(၁)ခုတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်တွင်လည်း စီမံကိန်းများရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ လွဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျေးလက်ရေရရှိရေး လုပ်ငန်းများအား သက်ဆိုင်ရာ ကျေးရွာကော်မတီများထံသို့ လွဲပြောင်းပေးအပ်ခဲ့ကြသည်။ ခမောက်စုကျေးရွာအုပ်စု အချုပ်ကလေး(မ)ကျေးရွာနှင့် ဆင်သေကုန်းကျေးရွာတို့တွင် တွင်းနက်တူးဖော်ခြင်းလုပ်ငန်းအား တွင်းနက်၄လက်မ ပေ၄၀၀၊ ရေစက်ရုံ(၁၀'×၈'×၈')၊ အုတ်ရေကန်(၁၂'×၆'×၅')၊ ခြံစည်းရိုး(၃၀'×၃၀'×၅')အတွက် နိုင်ငံတော် ခွင့်ပြုရန်ပုံငွေကျပ် ၁၆.၄၉သန်းဖြင့်လည်ကောင်း၊ ညောင်ဝိုင်းကျေးရွာတွင် အိမ်သွယ်ရေတိုင် သွယ်တန်းခြင်းလုပ်ငန်းအား ၃လက်မ ပေ၁၀၀၀ ကျေးရွာတွင်း အိမ်သွယ်ရေတိုင်လုပ်ငန်း အရှည်ပေ ၆၆၀၀အတွက် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ် ၁၂.၂၄သန်းဖြင့်လည်ကောင်း၊ ကြာအင်းကျေးရွာတွင် အိမ်သွယ်ရေတိုင် သွယ်တန်းခြင်းလုပ်ငန်းအား ကျေးရွာတွင်း အိမ်သွယ်ရေတိုင်လုပ်ငန်း အရှည်ပေ ၆၀၀၀အတွက် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ် ၁၃.၂၂သန်းဖြင့်လည်ကောင်း၊ စမ်းကြီးကျေးရွာတွင် ဆိုလာရေတင်ခြင်းလုပ်ငန်း 16kW Solarနှင့် 1.5Hp Submersible Pump တပ်ဆင်ခြင်းအား နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ် ၅.၁၄၇၆ သန်း ဖြင့်လည်ကောင်း ခွင့်ပြုပေးခဲ့ရာ အောင်ကမ္ဘာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လေးမျက်နှာမြို့နယ်၌ ကျေးလက်ရေရှိရေး လုပ်ငန်းများအား ဝါးရုံချောင်းကျေးရွာအုပ်စု ကြာအင်းကျေးရွာ၊ ခမောက်စုကျေးရွာအုပ်စု အချုပ်ကလေး ကျေးရွာနှင့် ဆင်သေကုန်းကျေးရွာ၊ သိမ်ကုန်းကျေးရွာအုပ်စု ညောင်ဝိုင်းကျေးရွာနှင့် လှော်ကထားကျေးရွာအုပ်စု စမ်းကြီးကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)