ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ အသက် ၁ နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ချောင်းဦး မတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်း အထိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံသူ များပြားခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့တွင်  ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ၂၀၂၂ နှစ် နှစ်ဦးပိုင်းမှ စတင်ပြီး မြို့နယ်ဆရာဝန် ဒေါက်တာကျော်နိုင်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သားဖွား ဆရာမများ၊ ကြီးကြပ်-၂ များမှ ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းလများတွင် လစဉ်လဆန်း ၇ ရက်နေ့တိုင်း ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စုရပ်ပြုလုပ်ပြီး ထိုးနှံ ပေးခဲ့ရာ တလထက်တလ လူသိများလာပြီး ကျေးရွာအုပ်စုများမှ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ များပြားစွာ လာရောက်ထိုးနှံကြကြောင်း သိရသည်။ ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက် ဂျိုက်သိုး၊  ငါးမျိုးစပ် ကာကွယ်ဆေးများကို ယမန်နေ့ နံနက်ပိုင်းက ကလေးငယ် ၂၆၇ ဦး ထိုးနှံပေးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင် ၆၉ ဦးကို ကျန်းမာရေးစစ်ဆေး၍ ကိုယ်ဝန်ဆောင် အားဆေးပေးပြီး မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့တွင် မွေးကင်းစမှ ၁ နှစ်ခွဲ အရွယ်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ထိုးနှံပေး နေသည့် ကာကွယ်ဆေးထိုးလုပ်ငန်းကို  ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် လစဉ်လဆန်း ၇ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မွေးကင်းစမှ ၁ နှစ်ခွဲ အထိ ဆိုသော်လည်း ၅ နှစ်သားအထိ ကာကွယ်ဆေးမထိုးနှံရသေးသည့် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်နိုင် ပြောကြားချက်အရ သိရသည်။

ဝင်းမြင့်အောင် (ပြန်/ဆက်)