ချောင်းဦး မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား ဖိတ်ကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း သဘာဝမြေသြဇာဖြင့် စိုက်ပျိုးထားသည့် တောင်သူပညာပေး စိုက်ခင်းမှ အသီးအနှံ ဟင်းသီး ဟင်းရွက်များ ခူးဆွတ်၍ မိသားစုများ စားဝတ်နေရေး အဆင်ပြေစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနရုံး အနောက်ဖက် မြေကွက်အား သဘာမြေဆွေးများ ထည့်သွင်းပြီး တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးရန် စီစဉ်ထားကြောင်း၊ တောင်သူပညာပေးသင်တန်းမှ ကိုယ်တိုင်ပြုလုပ် သုံးစွဲနိုင်သည့် သဘာဝရွက်ဖြန်းမြေသြဇာ၊ သဘာဝပိုးသတ်ဆေးများ ပြုလုပ်ပြသပေးပြီး စိုက်ခင်းအတွင်း စိုက်ပျိုးထားသည့် သီးနှံများကို အသုံးပြုခဲ့ကြောင်း၊ သို့မှသာ ဓာတ်မြေသြဇာသုံးစွဲမှု လျော့ကျလာပြီး အန္တရာယ်ကင်းသည့် ဟင်းသီးဟင်းရွက်များ စားသုံးရမှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ ရှင်းပြခဲ့ပြီး ဧည့်သည်များနှင့် အတူ စိုက်ခင်းအတွင်း စိုက်ပျိုးထားသည့် နဂါးမောက်၊ သင်္ဘော၊ ခဝဲ၊ ချဥ်ပေါင်၊ ကန်ဇွန်းရွက်၊ ပြည်ပန်းညို၊ ခရမ်းသီး၊ မာလကာသီး၊ ဘူးသီး၊ ရုံးပဒေ၊ ပဲတိုင်တောင်၊ တဆစ်သီး၊ သလဲသီးပင် အစရှိသည်များအား လိုက်လံကြည့်ရှု ခဲ့သည်။
ထို့နောက် ဧည့်သည်များနှင့်အတူ ဟင်းသီးဟင်းရွက် အသီးအနှံများ ခူးဆွတ်ပြီး ဝန်ထမ်းမိသားစုများ စားသောက်နိုင်စေရန် ဟင်းသီးဟင်းရွက်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)