နတ်မောက် မတ် ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြိုမစျေးတွင် စားဖိုချောင်သုံးသီးနှံတစ်ခုဖြစ်သည့် ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ခရမ်းချဉ်သီး အရောင်းအဝယ်ပြုလုပ်သူ မမာနီထံက သိရသည်။
“ကျွန်မအနေကတော့ မြို့နဲ့အနီးဝန်းကျင်မှာရှိတဲ့ ရွာတွေကနေ မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်မျိုးစုံကို လက်ကားအနေနဲ့ ဝယ်ယူရောင်းချပါတယ်။ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ချဉ်ပေါင်၊ ခရမ်းချဉ်၊ ပန်းဂေါ်ဖီ၊ ဗမာနံနံ၊ တရုတ်နံနံ၊ ဆလတ်ရွက်၊ ရိုးဖြူဆလတ်၊ ဖူးစားပြောင်း၊ ဖရုံ၊ ဘူးသီး၊ တိုင်ထောင်ပဲ၊ သခွား၊ ကြက်ဟင်းခါးသီးစတဲ့ အသီးအနှံများ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကို ရောင်းချပါတယ်၊ အခုဆိုရင် ခရမ်းချဉ်သီးတွေ ပေါလာပြီ။ သီတင်းကျွတ်ကနေ တပို့တွဲလ လဆန်းလောက်ထိတုန်းက ခရမ်းချဉ်သီးဈေးက တစ်ပိဿာကို ကျပ် ၂၇၀၀ ကနေ ၂၄၀၀ အထိရှိတယ်။ အခုတပေါင်းလဆန်းမှစတင်၍ ခရမ်းချဉ်သီး တစ်ပိဿာကို ကျပ် ၁၀၀၀ ကနေ ၁၂၀၀ အထိ အရောင်းအဝယ်ဖြစ်နေတယ်” ဟု ကုန်စိမ်းရောင်းချသူတစ်ဦးဖြစ်သည့် မမာနီက ပြောသည်။
နတ်မောက်မြို့နယ်တွင် ခရမ်းချဉ်များကို နတ်မောက်မြို့နယ်အတွင်းရှိ ရွာမွန်ကျေးရွာ၊ ပင်းကျေးရွာ၊ ပ/ကျားထူးကျေးရွာ၊ န/လက်ခုပ်ပင် ကျေးရွာ၊ ကြူအိုင် ကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ဘုန်းတော်ပြည့်ကျေးရွာ၊ အိုးဘိုကျေးရွာကျေးရွာများတွင် မြေအောက်ရေသွင်းခြင်းဖြင့် စိုက်ပျိုးလျက်ရှိပြီး ယခုအခါ ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါများနေပြီဖြစ်သကဲ့သို့ ဈေးနှုန်းလည်း သင့်တင့်လျက်ရှိကြောင်း သိရသည်။
မူမူစန်း