ကုန်းဘောင်ခေတ်တွင် ထင်ရှားသော စာပေပညာရှင် မင်းပူးဆရာတော် ဦးဩဘာသ

မင်းဘူး မတ် ၈

မင်းပူးဆရာတော် ဦးဩဘာသသည် ကုန်းဘောင်ခေတ်တွင် နန်းတက်သော ဘိုးတော်ဘုရားလက်ထက်တွင် ဇာတ်တော်ကြီးများလာ စကားပြေများနှင့် ရတုအမျိုးမျိုးရေးသားရာတွင် ထင်ရှားလှသော စာပေပညာရှင် ဆရာတော်တစ်ပါးဖြစ်ခဲ့သည်။

ဆရာတော်ကို မင်းပူးမြို့ (ယခု မင်းဘူး) ရပ်သာရွာ (ယခု ရွာသာ) ကျေးရွာမှ ကုန်သည် မျိုးရိုးများဖြစ်သော (အဘ) ဦးဇေယျ၊ (အမိ) ဒေါ်မင်းလှ တို့မှ သက္ကရာဇ် ၁၁၂၀ ခုနှစ် နယုန်လဆန်း ၄ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်က အရှေ့လေသာကျောင်း ဆရာတော်ထံတွင် ပညာသင်ကြားရာ (၆) နှစ်သား အရွယ်ကပင် သူတကာတို့ထက် စာပေအရာ သာလွန်၍ ထူးချွန်တတ်မြောက်လေသည်။

အသက် (၁၅) နှစ်အရွယ်သို့ ရောက်သောအခါ ရှင်သာမဏေပြု၍ သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး ဘွဲ့အမည်မှာ ရှင်အရိယဝံသဖြစ်သည်။ ဆရာတော်သည် သာသနာ့ဘောင်သို့ရောက်သောအခါ လောကီစာပေများကို noဖယ်ရှားကာ လောကုတ္တရာ စာပေများကိုသာ ကြိုးစားအားထုတ် သင်ကြားခဲ့သည်။ ဆရာတော်သည် စာပေနှင့် ကဗျာ၊ လင်္ကာ၊ ရတုရကန်၊ အဲအန်စသည့် စာပေများကို ထူးချွန်တတ်မြောက် ရုံသာမက ဗေဒင်ပညာ၊ လက်မှုပညာ၊ ဂီတပညာ၊ စစ်တုရင်ပညာ၊ ဗိသုကာပညာစသည့် ပညာရပ်အသီးသီးတို့ကိုလည်း မြင်ရုံ ကြားရုံနှင့် သိလွယ်တတ်လွယ်သော ပဋိဘာန်ဉာဏ်နှင့် ပြည့်စုံခဲ့သည်။

ကျောင်းဒကာ မောင်ဝနှင့် မောင်ထောက်တို့က အတ္တဟိတ ပရဟိတ အကျိုးနှစ်ပါးကို ရည်မျှော်၍ သိသာထင်ရှားအောင် ဇာတ်တော်မင်္ဂလာများကို ရေးသားပါရန် လျှောက်ထားတောင်းပန်မှုကြောင့် ဇာတ်တော်ကြီး ဆယ်ဘွဲ့မှ ရှစ်ဘွဲ့ကို ရေးသားစီရင်ခဲ့သည်။ ထိုဇာတ်တော်များမှ စန္ဒကုမာရဇာတ်ကို သက္ကရာဇ် ၁၁၄၄ ခုနှစ် ပြာသိုလတွင်လည်းကောင်း၊ နာရဒဇာတ်ကို ၁၁၄၄ ခုနှစ် တန်ခူးလတွင် လည်းကောင်း၊ ဝိဓူရဇာတ်ကို ၁၁၄၅ ခုနှစ် ဝါခေါင်လတွင်လည်းကောင်း၊ ဝေဿန္တရာဇာတ်ကို ၁၁၄၅ ခုနှစ် တပေါင်းလ တွင်လည်းကောင်း၊ မဟောသဓာ ဇာတ်တော်ကို ၁၁၄၆ ခုနှစ် တန်ဆောင်မုန်းလတွင် လည်းကောင်း၊ မဟာဇနကဇာတ်ကို ၁၁၄၇ ခုနှစ် နယုန်လတွင်လည်းကောင်း၊ နေမိဇာတ်ကို ၁၁၄၈ ခုနှစ် ဝါဆိုလနှင့် တေမိယဇာတ်ကို ၁၁၄၈ ခုနှစ် တပို့တွဲလများတွင် ရေးသားခဲ့ပြီး ကျန်ရှိသည့် ဘူရိဒတ် ဇာတ်တော်ကို ၁၁၄၈ ခုနှစ် နတ်တော်တွင် မင်းပူးလေသာ ကျောင်းတိုက်ဆရာတော် အရှင်နန္ဒမေဓာ အရှင်သူမြတ်ကလည်းကောင်း၊ သုဝဏ္ဏသာမ ဇာတ်တော်ကို ၁၁၈၈ ခုနှစ် နယုန်လတွင် လေသာ ကျောင်းတိုက်ခွဲ ပုဂံစစ်ရွာ  ရန်ကုန်ဆရာတော်၏ တပည့် အရှင်ပညာတိက္ခ အရှင်သူမြတ်တို့က ဆက်လက် ရေးသားခဲ့သည်။

ဆရာတော်သည် နာရဒ ဇာတ်တော်ကြီးကို နှစ်လနှင့် အပြီးရေး၍ ဝိဓူရဇာတ်တော်ကို ငါးလနှင့်ပြီးစီးအောင် ရေးသားခဲ့သည်။ ဤမျှ တိုတောင်းသော အချိန်ကာလအတွင်း စံတင်လောက်သော ဇာတ်တော်ကြီးများကို စကားပြေအရေးအသား ကောင်းမွန်စွာ ပြီးစီးအောင်မြင်အောင် ရေးသားနိုင်သည့်အတွက် ဆရာတော်၏အရည်အချင်းမှာ ချီးကျူးဖွယ်ရာဖြစ်ခဲ့သည်။

ဆရာတော် ဦးဩဘာသသည် ဇာတ်တော်ကြီးရှစ်ဘွဲ့နှင့်ပင် စာပေသမိုင်း၌ မော်ကွန်းတင်ခံရခြင်းမှာ စာပေအရေးအသားမှာ ပြေပြစ်ပေါ်လွင်၍ စေ့စပ်လှသည့်အပြင် စကားအပိုအလိုမရှိ ဝါကျ အတိုအရှည်အားလုံး ရှင်းကနဲ ထင်းကနဲဖြစ်အောင် ရေးနိုင်စွမ်း ရှိသောကြောင့်ဖြစ်သည်။ ဆရာတော်သည် စကားပြေ အရေးအသားတော်ရုံသာမက လင်္ကာရတုဖွဲ့ဆိုရာတွင်လည်း မှတ်ကျောက်တင် ခံရသူဖြစ်ပြီး ပုဂံဝန် ထောက်မင်း ဦးတင်ရေးသားသော ကဗျာ ဗန္ဓသာရကျမ်းလာ ရတုစပ်ဆို သီကုံးသူ ၈၂ ဦး စာရင်း၌ အမှတ်စဉ် (၈) တွင် “ မဟာနိပါတ် ဇာတ်တော်ကြီး ဆယ်စောင်ကို မြန်မာစကားပြေဖြင့် ရေးသား တော်မူသော မင်းဘူးဦးဩဘာသနှင့် ရတု အမျိုးမျိုး” ဟု ဖော်ပြပါရှိသည်။

ဆရာတော် ဦးဩဘာသ အရှင်သူမြတ်သည် “လေသာကန်ပေါင် ရေမအောင်တဲ့ ကန်စွန်းသီး ဖောင်းပွပွကြီး” ဟူသော တပေါင်သံကို ကြားတော်မူလျှင် လှေတော်ပဲ့နင်းကိုခေါ်တော်မူ၍ အမရပူရမြို့တော်သို့ ဆန်တက်တော်မူကာ သံလွှတ်ဆရာတော်ကြီးကို ပူဇော်ကန်တော့ပြီးအပြန် ခရီးတစ်ဝက် လှေထက်တော်၌ ပျံလွန်တော်မူလေသည်။ ဆရာတော် ပျံလွန်တော်မူသွားသော်လည်း ဆရာတော် ရေးသားတော်မူခဲ့သော ဇာတ်တော်ကြီးဆယ်ဘွဲ့  ရတုအမျိုးမျိုးဟူသော စာပေပိဋကတ်တော်နှင့် ဆရာတော် ဦးဩဘာသ အမည်နံမတို့သည်ကား ကမ္ပည်းမော်ကွန်းတင်၍ ထင်ရှားစွာ ကျန်ရှိနေပေတော့သည်။

 ဇေယျာထက်(မင်းဘူး)