ပေါက်ခေါင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာ‌စောင်ပြသ

ပေါက်ခေါင်း    မတ်    ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ စိတ်ကူးဉာဏ်များရင့်သန်စေရန်နှင့် ပြောရဲဆိုရဲသည့်သတ္တိများရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက်စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ဆက်လက်ကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက မိမိကြိုက်နှစ်သက်ရာ ပန်းချီပုံများရေးဆွဲ၍ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိကြသူများကို မြို့နယ်ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြန်/ဆက်ဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့်သုတ၊ ရသစာအုပ်များနှင့် အခြားစိတ်ဝင်စားမည့်စာအုပ်များလည်း ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)