မြဝတီ မတ် ၈
မြဝတီမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် (၁၂) ကြိမ်မြောက် နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်း နာယက ဦးစောထွန်းဝေ က အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစောသိန်းအောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းမှူး စောထွန်းထွန်းဦးက သင်တန်းဖွင့်လှစ် ဆောင်ရွက်ထားသည်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းကို မတ်လ ၇ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ တစ်လကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး ပိုးကရင် ဘာသာစကား၊ စကောကရင်ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှု၊ သမိုင်းကြောင်းများ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)