မအူပင် မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံတော်အစိုးရမှ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူသော မအူပင်မြို့ မြို့လယ်ပရိယတ္တိ စာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တလက္ခဏမဟာထေရ်မြတ်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်းနှင့် မြို့တွင်းသို့ လှည့်လည် အပူဇော်ခံခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဆရာတော်ကြီးသည် မအူပင်တံတားမှ ရေလဲလမ်းတစ်လျှောက်၊ ရေလဲလမ်းမှ ကမ်းနားလမ်း တစ်လျှောက် လှည့်လည်အပူဇော်ခံခဲ့ပြီး သီတင်းသုံးတော်မူသော မအူပင်မြို့ အမှတ် (၄) ရပ်ကွက် တေဇလမ်းရှိ မြို့လယ် ပရိယတ္တိစာသင်တိုက်ကြီးသို့ တပည့်ဒါယကာ ဒါယိကာမများမှ ပရိတ်တရား ဓမ္မများရွတ်ဖတ်ပူဇော်ပင့်ဆောင်ခဲ့ ကြသည်။
၎င်းနောက် Grade မတ္တရာအနုပညာအဖွဲ့မှ ထူးမခြားနား ရောင်တော်ဖွင့်ဖြင့် သီဆိုပူဇော်ပြီး တိုင်းသံ ဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညောင်ပင်ဂရက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ပန်းတနော်မြို့ မြတောင်စာသင်တိုက် ဒုတိယနာယက ဆရာတော် ဘဒ္ဒန္တကုမာရကအနုမောဒနာ ဝမ်းမြောက်စကားမိန့်ကြားပြီး မြို့လယ်သံဃဝံသ အကျိုးတော်ဆောင် ဒေါက်တာဘဒ္ဒန္တကဝိစိန္တာကမဟာထေရ် မြတ်ကြီး၏ ထေရုပ္ပတတ္တိအကျဉ်း ကို ဖတ်ကြားပူဇော်သည်။ ၎င်းနောက် နိုင်ငံတော်အစိုးရမှ ဆက်ကပ်သော အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ ဘွဲ့တံဆိပ်တုံး၊ ဘွဲ့တံဆိပ်အလံတော်တို့အား နိုင်ငံတော် ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များက ဆက်ကပ်ပူဇော်ပြီး တေးသံရှင် ဆုမြတ်ထက်နှင့် မြကေခိုင်တို့မှ ရှစ်ဆယ် ပေါ်တေးထပ်၊ ရတုပိုဒ်စုံများဖြင့် သီကျူးပူဇော်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)