ပြည် မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း မြို့နယ်များအတွက် စပါးမျိုးစေ့ချလက်ဆွဲကိရိယာ(Drum Seeder)များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အတွင်း မြို့နယ်အလိုက်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီများ တက်ရောက်သည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က “ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေစပါးအပါအဝင်ရာသီအလိုက် စိုက်ပျိုးသီးနှံများ စိုက်နည်းစနစ်မှန်ကန်စွာ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးတို့အတွက် ရည်ရွယ်ပေးအပ်ခြင်းဖြစ်ကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ်တို့အတွက် စပါးမျိုးစေ့ချလက်ဆွဲကိရိယာ(Drum Seeder)များကို သက်ဆိုင်ရာစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များထံ အသီးသီးပေးအပ်ကြပြီး ယင်းသို့ပေးအပ်ရာတွင် ပြည်မြို့နယ်အတွက် (Drum Seeder) ၈ ပေါက်တန်းအလုံး ၂၀ နှင့် ၁၁ ပေါက်တန်း ၁၃လုံး၊ ပေါက်ခေါင်းမြို့နယ်အတွက် ၈ ပေါက်တန်း ၁၄ လုံးနှင့် ၁၁ ပေါက်တန်း ၉လုံး၊ ရွေတောင်နှင့် ပန်းတောင်းမြို့နယ်တို့အတွက် ၈ ပေါက်တန်း ၆ လုံးစီနှင့် ၁၁ ပေါက်တန်း ၄လုံးစီတို့ ပေးအပ်ခြင်းဖြစ်ပြီး ခရိုင်အတွင်းမြို့နယ်များအတွက် စုစုပေါင်း(Drum Seeder) ၇၆ လုံး ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကာ စုစုပေါင်းတန်ဖိုးငွေကျပ်၂၄,၄၆၀,၀၀၀ ဖြစ်ကြောင်း ခရိုင်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)