မော်လမြိုင်ကျွန်း မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး နွေရာသီအားကစားသင်တန်း (၆)မျိုးကို မတ်လ ၆ ရက်နေ့ မွန်လွဲပိုင်း ၃ နာရီ ၃၀ အချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း (မော်ရွှေဝါခန်းမ)၌ စတင်ဖွင့်လှစ်သင်ကြား ပေးကြောင်း သိရသည်။
ထို့သို့ ဖွင့်လှစ်သင်ကြားပေးရာတွင် အားကစားနည်း(၆)မျိုးဖြစ်သော ဘောလုံး၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ ကရာတေးများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်၊ ဝန်ထမ်းများနှင့် သင်တန်းနည်းပြ ဆရာများက သင်ကြား ပေးကြရာ ဘောလုံးအားကစားတွင် သင်တန်းသား/သူ (၅၀)ဦး၊ ပြေးခုန်ပစ်အာကစားတွင် သင်တန်း သား/သူ (၁၀)ဦး၊ ရိုးရာခြင်းလုံးအားကစားတွင် သင်တန်းသား(၁၀)ဦး၊ မြန်မာ့သိုင်းအားကစားတွင် သင်တန်း သား/သူ (၂၅)ဦး၊ ကရာတေး အားကစားတွင်သင်တန်းသား/သူ (၅၀)ဦး၊ လက်ဝှေ့ အားကစားတွင် သင်တန်းသား(၃၀)ဦးတို့က စိတ်ပါ ဝင်စားစွာ တက်ရောက်သင်ကြားကြကြောင်းနှင့် သင်တန်းကာလမှာ (၆-၃-၂၀၂၃)မှ (၆-၄-၂၀၂၃) ထိ ဖွင့်လှစ် သင်ကြားပေးမှာဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)