ပွင့်ဖြူ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ချွန်းစုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေမှ အတိုးရငွေဖြင့် ဒေသခံ ပြည်သူ များ သွားလာရေး အဆင်ပြေစေရန် ကျေးရွာတွင်းမြေသားလမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့် တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေး သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် နှင့် ဝန်ထမ်းများအဖွဲ့သည် ချွန်းစုကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေမှ အတိုးရငွေကျပ် (၅)သန်း ၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် (၁)သန်း ၊ စုစုပေါင်း ငွေကျပ် (၆)သန်းဖြင့် ကျေးရွာတွင်းမြေသားလမ်း အရှည်ပေ ၅၆၅၀ ပေ အား အကျယ် ၈ ပေ ၊ ထု ၆ လက်မ မြေနီ ကျောက်စရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံ၍ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် ကိစ္စရပ်များ ၊ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး စီမံကိန်းငွေစာရင်းဇယားများ စနစ်တကျ ဖြည့်စွက်ရေးသွင်းထားရှိရေး ၊ ငွေးကြေးသုံးစွဲမှုများ အလေအလွင့်မဖြစ်အောင် စနစ်တကျ သုံးစွဲလုပ်ကိုင်ကြရန်တို့ကို ဆွေးနွေးမှာကြားသည်။
ပွင့်ဖြူမြို့နယ် ချွန်းစုကျေးရွာတွင် ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်နှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်ကာ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် သိန်း ၃၀၀ အား ထုတ်ချေး၍ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယခုအခါ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာနေပြည်သူများ ဝင်ငွေတိုးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လုပ်ကိုင်ခွင့်ရရှိပြီး စီမံကိန်းရန်ပုံငွေမှ အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကိုပါ ဆောင်ရွက်လုပ်ကိုင်လာနိုင်ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )