ငါးသိုင်းချောင်းမြို့၌ သတင်းသုံးတော်မူသော နိုင်ငံတော် ဘွဲ့တံဆိပ် ဆပ်ကပ်ချီးမြှင့်ခံရသည့် သံဃာတော် အရှင်သူမြတ်နှစ်ပါးအား ကြိုဆိုဂုဏ်ပြုခြင်း ဆောင်ရွက်

ငါးသိုင်းချောင်း မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၊ ရွှေရေးဆောင်ကျောင်းတိုက်မှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မဟာဂန္ထဝါစက ပဏ္ဍိတ၊   အဂ္ဂမဟာမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဆရာတော် သံဝရာဘိဝံသသည် နိုင်ငံတော်မှ ထပ်မံဆက်ကပ်ချီးမြှင့်သော အဂ္ဂမဟာသဒ္ဒမ္ဓ ဇောတိကဓဇဘွဲ့အား ယူဆောင်၍ နေပြည်တော်မှလည်းကောင်း၊ ငါးသိုင်း‌ချောင်းမြို့၊ ရွှေဘိုရပ်ကွက်၊ သာသနာ့အလင်းရောင် ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ ဩဘာသသည် နိုင်ငံတော်မှချီးမြှင့်‌သော ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အား ယူဆောင်၍ ပုသိမ်မြို့မှလည်းကောင်း အသီးသီး ပြန်လည်ကြွချီလာရာ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းချစ်အေး၊ မြို့နယ်သာသနာရေးမှူး၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် မြို့အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများသည် ယမန်နေ့ညနေ (၁၆:၀၀)နာရီအချိန်က ရေကြည်မြို့၊ ပိတောက်ချောင်လမ်းဆုံမှစ၍ ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။

ရွှေရေးဆောင်‌ကျောင်းတိုက်မှ ဆရာတော်ကြီးသည် ငါးသိုင်းချောင်းမြို့ ဗိုလ်ချုပ်လမ်းမှ ဘုရားလမ်းတ‌လျောက် အပူဇော်ခံလျက်လည်းကောင်း၊ သာသနာ့အလင်းရောင် ဆရာတော်ကြီးသည် ဗိုလ်ချုပ်လမ်းမှ တစ်ဆင့်လမ်းမတော်လမ်းတစ်‌‌လျောက်၌ လည်းကောင်း  ကြည်ညိုအပူဇော်ခံကြွချီကြပြီး (၁၈:၀၀) အချိန်တွင် ၎င်းတို့ သီတင်းသုံးရာ ကျောင်းတိုက်အသီးသီးသို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါ ကြိုဆိုဂုဏ်ပြုပွဲကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စုစုပေါင်းအင်အား (၃၀၀)ဦးခန့် လိုက်ပါ၍ ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)