ပုသိမ်မြို့၌ ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်/ဆေးစပ်) စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း) (၆)လ သင်တန်း ဆင်းပွဲအခမ်းအနားနှင့် ဆန်စပါးဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

ပုသိမ် မတ် ၇

ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်/ဆေးစပ်) စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း) သင်တန်းဆင်းပွဲ အခမ်းအနား အား ယမန်နေ့ နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ယနေ့ပြုလုပ်သည့် သင်တန်းဆင်းပွဲသည် ကျန်းမာရေးအတွက် အဓိက ကျသည့် သင်တန်းတစ်ခုဖြစ်ပြီး ကိုးထပ်ဆောင် ပြည်သူ့ဆေးရုံ သစ်ကြီးသည် ဖွင့်လှစ်ပြီးနောက်ပိုင်း ပိုမိုအနှစ် သာရပြည့်ဝသည့် ဆေးရုံကြီးတစ်ခုအဖြစ် တွေ့ရှိရပါကြောင်း၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး နိုင်ရန်အတွက် ဆေးပညာ နှီးနွယ်တက္ကသိုလ်များ၊ သင်တန်းကျောင်းများမှ နိုင်ငံတော်ပံ့ပိုးမှုဖြင့် ပညာ သင်ကြား ပို့ချခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆေးရုံကြီးများ၌လည်း အကူသူနာပြု သင်တန်းများ၊ ကျွမ်းကျင်ဝန်ထမ်း သင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ အရည်အသွေး ပြည့်ဝသည့် ဓာတ်မှန်ပညာ၊ ဆေးစပ်ပညာ၊ ဆေးမှတ်တမ်းပညာများကို လေ့လာသင်ယူကြ ပြီး အရည်အချင်းပြည့်ဝစွာနဲ့ အောင်မြင်ခဲ့ကြတဲ့အတွက် ယခုလို သင်တန်းဆင်းပွဲကျင်းပ ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ပံ့ပိုးပေးခဲ့ကြသည့် မိဘဆရာသမားများနှင့် လက်တွေ့လေ့လာ ခွင့်ရအောင် ပံ့ပိုးပေးပါသော တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ လေ့လာဆည်းပူးခွင့် ရအောင် စီစဉ်ပေးပါသော ဆေးရုံအုပ်ကြီး၊ ဆရာဝန်ကြီးများနှင့် သင်တန်းဆရာ/မများနှင့် ည သင်တန်းဖွင့်လှစ် ပေးပါသော နိုင်ငံတော်အစိုးရတို့အား ကျေးဇူးတင်ရမှာ ဖြစ်ပါကြောင်း၊ ဆေးရုံများသည် ဆရာဝန်၊ သူနာပြု၊ ဓာတ်မှန်ရိုက်ခြင်း၊ ဓာတ်ခွဲခြင်းနှင့် ဆေးဘက်ဆိုင်ရာအထောက်အကူပြု လုပ်ငန်းများ၊ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ဆေးမှတ်တမ်း လုပ်ငန်းများနှင့် အခြားသောဝန်ထမ်းများပါရှိသော ကျန်းမာရေးအရည် အချင်းပြည့်ဝသည့် စောင့်ရှောက်မှု အဖွဲ့အစည်းဖြစ်ပါကြောင်းနှင့်  အရေးပေါ် လူနာများ၊ ထိခိုက်ဒဏ်ရာရ လူနာများ၊ ရောဂါပြင်းထန်သောလူနာများ၊ နာလန်ထလူနာများ အစရှိသည်တို့ကို ကုသရေးဆိုင်ရာဝန်ဆောင်မှု (Curative Services) များသာမက ကျန်းမာမှုမြှင့်တင်ခြင်း (Health promotion)၊ ရောဂါကာကွယ်တားဆီးခြင်း (Preventive Services)၊ နလန်ထလူနာများအား စောင့်ရှောက်ခြင်း (Rehabilitative Services) လုပ်ငန်းများ ကိုပါ ဝန်ဆောင်မှုပေးသည့် ဌာနတစ်ခုလည်းဖြစ်ပါကြောင်း၊ ဆေးနှင့် ဆေးပစ္စည်းများ စီမံခန့်ခွဲမှုသည် ဆေးရုံအတွက် အရေးကြီးပါကြောင်းနှင့် ဆေးဘက် ကျွမ်းကျင်ဝန်ထမ်းများအနေဖြင့် Medical Store Management ကို တိကျစွာ ဆောင်ရွက်နေတာကိုလည်း သိရှိရပါကြောင်း၊ ဆေးဘက်ကျွမ်းကျင်-၄ (ဓါတ်မှန်/ ဆေးစပ်)၊ စိစစ် ရေးမှူး-၄ (ဆေးမှတ်တမ်း) ဝန်ထမ်းများသည် နိုင်ငံတော်၏ လိုအပ်ချက်အတွက် တစ်ထောင့် တစ်နေရာမှာ ဖြည့်တင်းလုပ်ကိုင်ရင်း မိမိအပါအဝင် မိသားစုပတ်ဝန်းကျင်နှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် အလုပ်အကျွေးပြုပြီး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဦးဆောင်ကြိုးပမ်း ဆောင်ရွက်သွားနိုင်ပါစေ ကြောင်း” သင်တန်းဆင်း အမှာစကားများ ပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများ ချီးမြှင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ထောက်ပံ့ငွေပေးအပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊‌ ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် ဆန်စပါးဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး “(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား၌ တောင်သူများ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် စုပေါင်း၍ ပန်းတိုင် အထွက်နှုန်းရရှိစေရေး အလုပ်ရုံ ဆွေးနွေးပွဲအား ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်မှ (၇)ရက်နေ့ ထိ၊ အပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၂)၌ ကျင်းပခဲ့သည့် “မြန်မာနိုင်ငံဆန်စပါးညီလာခံ ၂၀၂၂ (Myanmar Rice Conference 2022)"တွင် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပြီး ရရှိခဲ့သော ဖော်ထုတ်ချက် (၄၃)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး စားရေရိက္ခာ ပေါကြွယ်ဝခြင်း၊ အလားအလာကောင်းသော စိုက်မွေးအခြေခံ ကုန်ထုတ်လုပ်ငန်းများ များစွာရှိသည့်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်က  အောင်မြင်ဖြစ်ထွန်းနိုင်သော တိုင်းဒေသကြီး ဖြစ်သည့်အတွက် စံနမူနာပြဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်လမ်းညွှန်ခဲ့ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် (MRF) တို့ ပူးပေါင်း၍ ရေးဆွဲပြီး ဆန်စပါးဥပဒေ(မူကြမ်း)ကို ပြင်ဆင်ဖြည့်စွက်နိုင်ရန် ဆွေးနွေးပွဲ ကျင်းပပေးသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ ဆန်စပါးအများဆုံး စိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်သောကြောင့် လိုအပ်ချက်များကို ပိုမိုဆွေးနွေးနိုင် မှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ ထုတ်လုပ်သူနှင့် တောင်သူများက ထိရောက်သည့် ထိထိရောက်ရောက် ဆွေးနွေးအကြံပြုမှုတွေ လုပ်ဆောင်ပေးပါရန် မှာကြားလိုပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး၊ အရည်အသွေး တိုးတက်ကောင်းမွန်စေရေး၊ ဆန်နှင့် ဆန်ထွက် ပစ္စည်းများ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တစ်ဧကအထွက်နှုန်း တိုးတက်ရေး၏ အဓိကအချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိစေရေး၊ သွင်းအားစု ဈေးနှုန်းများ သက်သာ စေရေးအတွက် တိုင်းဒေသကြီးအစိုးရ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ စိုက်ပျိုး ထုတ်လုပ်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ စားရေရိက္ခာဖူလုံရေးနှင့် ပြည်ပသို့ပိုမိုတင်ပို့ နိုင်ရေးအတွက် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်နှင့် တိုင်းဒေသကြီး၏ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀) ကို အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည်  စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံသည့် စီးပွားရေးလုပ်ငန်းများ အဓိကထားသည့် တိုင်းဒေသကြီးဖြစ်ရာ မိုးစပါး၊ နွေစပါး စုစုပေါင်းဧက (၅၁)သိန်းကျော် စိုက်ပျိုးပြီး စပါးတင်း သိန်းပေါင်း (၄၀၀၀)ကျော် ထွက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပြီး ပိုလျှံသည့်ဆန်များကို  ပြည်တွင်းပြည်ပ တင်ပို့လျက်ရှိပါကြောင်း၊ ခေတ်မီအဆင့်မြင့် ဆန်စက်ကြီးများရှိပြီး ပေါင်းဆန်တိုးတက်ထုတ်လုပ်နိုင်ရေးကိုလည်း စည်းရုံးဖိတ်ခေါ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝယ်ယူခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ပြည်တွင်း၊ ပြည်ပတင်ပို့ခြင်း၊ ထိန်းကျောင်းကြပ်မတ်ခြင်း ကဏ္ဍများကို ဤဥပဒေဖြင့် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ပိုမိုအလေးထားဆွေးနွေး ပေးစေလိုပါကြောင်း၊ ဆန်စပါး ကြိတ်ခွဲထုတ်လုပ်မှုမှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်း ဖွဲနုများကို ဖွဲနုဆီ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါပြီး ဖွဲနုဆီစက်များ တည်ဆောက်၊လည်ပတ် ထုတ်လုပ်နိုင်ပါက ဆီဖူလုံမှု အထောက်အကူ ဖြစ်လာနိုင်ပါကြောင်း၊ ဆန်စပါးဥပဒေမူကြမ်းတွင် ပေါင်းဆန်စက်၊ ဖွဲနုဆီစက် ဖွံ့ဖြိုးရေးကဏ္ဍများ အားပေး ကူညီထောက်ပံ့ရန်ပါရှိသည့်အတွက် အောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် ဆန်စပါးဥပဒေ မူကြမ်းနှင့် ဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တောင်သူများ၊ ရောင်းဝယ် သူများ၊ ဆန်စက်ပိုင်ရှင်များ၊ Exporter များမှ  မိမိတို့၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် အချက် အလက်များ ထဲထဲဝင်ဝင်ဆွေးနွေးပေးကြရန်” ပြောကြားခဲ့သည်။ ယင်းနောက်  တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာမှူးက ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူးက ဆက်လက်ရှင်းလင်းဆွေးတင်ပြခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ များ ရိုက်ကူးခဲ့သည်။

ထို့နောက် စားသုံးရေးရာဦးစီးဌာန(ရုံးချုပ်)မှ ဥပဒေ(မူကြမ်း)အား ဆက်လက်ရှင်းလင်းခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများမှ ပြင်ဆင်ဖြည့်စွက်ရမည်များအား အပြန်အလှန် တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆန်စပါးဥပဒေ(မူကြမ်း) ဆွေးနွေးပွဲ ရလဒ်များတွင် ပြည့်ပြည့်စုံစုံ ထည့်သွင်း ဆွေးနွေးကြသည်ကို တွေ့ရှိရပါကြောင်း၊ စကားရပ်၊ အသုံးအနှုန်းတိကျမှန်ကန်ရန် လိုအပ်ပါကြောင်း၊ နေရာ ဒေသမတူညီမှုများ အတွက်လည်း ထည့်သွင်းဆွေးနွေးကြရမှာဖြစ်ပါကြောင်း၊ ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများပါဝင်သည့် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှုများ လည်းတွေ့ရှိရပါ ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များ ထွက်ပေါ်လာပါက တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အထောက်အပံ့ကောင်းများစွာ ရရှိမှာဖြစ်ပါ၍ လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေး နိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်းနှင့် ရရှိတဲ့အချိန်အတွင်း ထိရောက်သည့်ပြင်ဆင်ဖြည့်စွက်ချက်များ၊ အကြံပြု ချက်များ ဆွေးနွေးချက်များဖြင့် နိုငံအကျိုး၊ တိုင်းဒေသကြီးအကျိုးနှင့် တောင်သူများ အကျိုးအတွက် ကြိုးပမ်း ဆောင်ရွက်ရန် နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ရောင်းဝယ်ရေးသမားများ၊ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခများ၊ Exporter များနှင့် တောင်သူများ စုစုပေါင်း ၁၅၇ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)