ညောင်တုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက စာမေးပွဲအခန်းများပြင်ဆင်ထားမှု၊ စာမေးပွဲဖြေဆိုသည့် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက် ထားရှိမှု၊ ကျန်းမာရေးအခက်အခဲများဖြစ်ပေါ်ပါက စောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ညောင်တုန်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၁)ခု ထားရှိ၍ ကျင်းပသွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူ (၃၁၅)ဦးနှင့် အပြင်ဖြေဆိုသူ (၃၄၇)ဦး စုစုပေါင်း (၆၆၂)ဦး ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)