ပခုက္ကူ မတ် ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သင်္ဘောကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေမှုများအကြောင်းတို့ကိုလည်းကောင်း၊ ဒေါ်တင်တင်မော်က စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုများကို တိုက်ရိုက်သုံးစွဲသူပြည်သူအများ ရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့် သိရှိသင့်သည့် အချက်အလက်များအကြောင်းတို့ကိုလည်းကောင်း အသီးသီး ရှင်းလင်းဟောပြောကြသည်။
ယင်းနောက် တက်ရောက်လာသည့် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများအား စားသုံးသူရေးရာဆိုင်ရာဟောပြောမှုများအပေါ် နားလည်နိုင်မှုစွမ်းရည်အခြေအနေများ မေးမြန်းပြီး ဆုချီးမြှင့်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)