သရက်ချောင်း မတ် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂ဝ၂၂-၂၀၂၃)ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနရှိ စာဖြေခန်းများပြင်ဆင်ထားရှိမှုအား ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာ(အ.ထ.က) သရက်ချောင်းကျောင်းစာစစ်ဌာနတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့သို့စစ်ဆေးရာတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းမွှေးနှင့် ဆရာ/ဆရာမများက (အ.ထ.က)သရက်ချောင်းကျောင်းစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားမှုများကို ကြည့်ရှုစစ်ဆေးကြရာ မီးလောင်မှုမဖြစ်ပွားစေရန် မီးဘေးလုံခြုံရေးအတွက် ကျောင်းဆောင်ခန်းအပြင် မီးသတ်ဆေးဘူးများထားရှိမှု ရှိ/မရှိကြည့်ရှုစစ်ဆေးခြင်း၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများစာစစ်အခန်းအား အလွယ်တကူရှာဖွေနိုင်ရန် လမ်းညွှန်ကပ်ထားမှု ရှိ/မရှိစစ်ဆေးခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား ကိုဗစ်–၁၉ လမ်းညွှန်ချက်နှင့်အညီ နှာခေါင်းစည်း(Marsk)နှင့် လက်ဆေးရေစင်များထားရှိရန်မှာကြားခြင်း၊ စာသင်ခန်းများအတွင်း/အပြင် သန့်ရှင်မှုရှိ/မရှိ၊ စာသင်ခုံတန်းများ ခိုင်ခံမှုရှိ/မရှိ စသည့်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာ(အ.ထ.က) သရက်ချောင်းကျောင်းစာစစ်ဌာနတွင်(၂၀၂၂-၂၀၂၃)ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရမည့် ကျောင်းတွင်းဖြေ(၆)ဦး၊ ပြင်ပဖြေ(၇၇)ဦး စုစုပေါင်းစာရင်းရှိ (၈၃)ဦးတို့သည် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ ပညာရေးမှူးရုံးမှ သတင်းရရှိသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)