နတ်မောက် မတ် ၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပင်းမြို့ဟောင်းနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများ ပူးပေါင်း၍ ဗုဒ္ဓပူဇနီယတပေါင်းပွဲတော်ကို နှစ်စဉ်မပျက် ကျင်းပလျက်ရှိကြောင်း ဆရာတော် ဦးဥတ္တမထံမှ သိရသည်။
နှစ်စဉ်တပေါင်းလဆန်း (၁၄)ရက်နေ့မှ တပေါင်းလပြည့်ကျော်(၁)ရက်နေ့အထိ ကျင်းပမြဲဖြစ်သည့် တပေါင်း ပွဲတော်တွင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ လာရောက်လျက်ရှိပြီး အညာဒေသမှ ထွက်ရှိသော ထန်းလျက်၊ အညာမုန့်များဖြစ်သည့် ရေမုန့်၊ မုန့်စိမ်းပေါင်း၊ မုန့်ပြေသလက်များ နှီးခမောက်များ၊ နှီးခြင်းတောင်းများ၊ ဖျင်နီကြမ်းစောင်များ၊ ဖျင်ထမီ၊ ဖျင်ပုဆိုး၊ ဖျင်အင်္ကျီများများ လာရောက်ရောင်းချလျက်ရှိကြောင်း၊ ဒေသခံတောင်သူများသည် မိုးဦးမှမိုးနှောင်းအထိ စိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်ရရှိတဲ့ ကောက်ပဲသီးနှံများရောင်း ချပြီး နှစ်စဉ်တပေါင်းရောက်တိုင်း ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း၊ တပေါင်းလပြည့်နေ့တွင် ဆရာတော်မှ ဦးဆောင်၍ ပင်းဗောဓိရွှေညောင်ပင်၌ ဆီမီးတစ်ထောင် ပန်းတစ်ထောင် ကပ်လှူပွဲဇော်ပွဲကျင်းပပြီး တပေါင်းလပြည့်ကျော်(၁)ရက်နေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကိုလည်း ကျင်းပလျက်ရှိကြောင်း ဆရာတော်က မိန့်ကြားတော်မူခဲ့သည်။
ပင်းမြို့ဟောင်း၏ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်သို့ နတ်မောက်မြို့နယ်အတွင်းရှိ ရွာမွန်၊ မျက်ရဲကန်၊ ရွာလေးကုန်း၊ ကန်ကြီးကုန်း၊ ရွှေပန်းတော၊ ဖက်သန်းတောင်၊ ပ/ဂွေးချို၊ သဖန်းကန်။ သရက်ချဉ်၊ အလယ်ရွာ၊ ဘော်အိုင်စသည့် ကျေးရွာများအပြင် ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများလည်း လာရောက်လျက်ရှိကြောင်း သိရသည်။
မူမူစန်း