ထန်းတပင်(ပဲခူး) မတ် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌစာရေးဆရာ (ထန်းတပင်)စန်းလွင်က ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကို ကောင်းစွာအသုံးချတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်များတွင် ဝါသနာပါသည့်အကျိုးရှိရာ ပညာရပ်တစ်မျိုးမျိုး သင်ကြားသင်ယူသွားကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများမှလည်း ဘက်စုံထူးချွန်သူများဖြစ်စေရေး ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးပညာရပ်များ သင်ကြားပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းချီဆရာ(တောင်ငူ)စိုးမြင့်လေးက ပန်းချီရေးဆွဲခြင်းများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပန်းချီရေးဆွဲနည်းများ လက်တွေ့သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ(၇)ရက်နေ့မှ မတ်လ(၁၆)ရက်နေ့အထိ (၁၀)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ သင်တန်းသား၊ သင်တန်းသူများအား ပန်းချီရေးဆွဲရာတွင် ပိုမိုထိရောက်စေရေး သင်ထောက်ကူပစ္စည်းများ ပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)