အင်ဂျန်းယန်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် (တတိယအကြိမ်)ထောက်ပံ့ပေးအပ်

အင်ဂျန်းယန် စက်တင်ဘာ ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ (၂၉) ရက်နေ့ နံနက် (၉)နာရီက အင်ဂျန်းယန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကိုကိုက အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အမှတ် (၁)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၀)စုနှင့် အမှတ် (၂)ရပ်ကွက်ရှိ အိမ်ထောင်စု (၂၆)စုအတွက် တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု (၃၆)စုအတွက် ကျပ်ခုနစ်သိန်း နှစ်သောင်းကို လည်းကောင်း၊ နံနက် ၁၀ နာရီခွဲတွင် အမှတ်(၄) ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၅၂)စုအတွက် ကျပ်တစ်ဆယ်သိန်းလေးသောင်းကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ မြို့နယ်အတွင်းကျန်ရှိနေသည့် အင်ဝိုင်းကောင်ကျေးရွာရှိ အိမ်ထောင်စု (၉၉)စုနှင့် မြစ်ဆုံကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၁၈၁)စုတို့ကို သက်ဆိုင်ရာ အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုးနိုင်(ပြန်/ဆက်)