ငဖဲမြို့နယ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် စာဖြေခန်းများစနစ်တကျထားရှိမှုနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

ငဖဲ မတ် ၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနသို့ စာဖြေခန်းများစနစ်တကျထားရှိမှုနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှုမရှိစေရေးအတွက် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးကျော်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးနိုင်လင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးက အ.ထ.က-ငဖဲစာစစ်ဌာနရှိ  စာဖြေခန်းများတွင် စာသင်ခုံများစနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိမှု၊ မီးကြိုးများတပ်ဆင်ထားရှိမှု၊ အမှိုက်သရိုက်များ စနစ်တကျရှင်းလင်းထားရှိမှုနှင့် မီးသတ်ဆေးဘူးများစီစဉ်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ငဖဲမြို့နယ်တွင် စာစစ်ဌာန(၂)ခုရှိရာ အ.ထ.က-ပဒါန်းစာစစ်ဌာနတွင် (၂၃၂)ဦးနှင့် အ.ထ.က-ငဖဲ စာစစ်ဌာနတွင် (၇၅)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၀၇)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မယု(ငဖဲ)