ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် သိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသူများ ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ မတ် ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိနေသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအုပ်စု၊ လယ်ဖီလာကျေးရွာရှိ ဒေသခံတောင်သူများထံက သိရသည်။

ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းသည် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူနိုင်သည့်အတွက် အစာဖိုးကုန်ကျစရိတ် သက်သာပြီးမွေးမြူရာတွင်လည်း ခြံဝန်းများခတ်၍ စနစ်တကျမွေးမြူနိုင်သဖြင့် အောင်မြင်ဖြစ်ထွန်းမှုရှိကာ သိုး၊ ဆိတ်များသည် တစ်နှစ်လျှင် အနည်းဆုံး နှစ်ကောင်ပေါက်ဖွားလေ့ရှိပြီး အကျိုးဖြစ်ထွန်းပါက လေးကောင်အထိ ပေါက်ဖွားလေ့ရှိကြောင်း သိရသည်။

“ကျွန်တော်ဒေသမှာ တောင်သူတွေက စိုက်ပျိုးရေးလုပ်ငန်းနဲ့တွဲဖက်ပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပါတယ်။ နောက်ပြီး သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းက လွှတ်ကျောင်းစနစ်နဲ့ မွေးမြူလုပ်ကိုင်နိုင်တဲ့အတွက် အစာဖိုးကုန်ကျစရိတ်သက်သာပြီး မွေးမြူလုပ်ကိုင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ သို့ပေမယ့် ရာသီဥတုအခြေအနေပေါ် မူတည်ပြီးတော့ ရေကြည်ရာ မြက်နုရာဆိုသလို သိုး၊ ဆိတ်ခြံတွေကို ပြောင်းရွှေ့မွေးမြူလုပ်ကိုင်ပေးရပါတယ်။ အဓိကတော့ သိုး၊ ဆိတ်တွေ အစာရေစာပေါများတဲ့နေရာတွေကို လွှတ်ကျောင်းနိုင်မယ်ဆိုရင် ပိုပြီးအဆင်ပြေတာပေါ့ဗျာ။ သိုး၊ ဆိတ် ပေါက်ဖွားမှုနှုန်းကတော့ တစ်နှစ်ကို အနည်းဆုံး သိုး/ဆိတ်သားပေါက်ငယ် နှစ်သား၊ တစ်ဗိုက် မွေးမြူလေ့ရှိပါတယ်။ အကျိုးဖြစ်ထွန်းမယ်ဆိုရင် လေးကောင်အထိ ပေါက်ဖွားတတ်ကြပါတယ်။ သိုး၊ ဆိတ်မွေးမြူရေးဈေးကွက်မှာ သိုးထီးတစ်ကောင်လျှင် ငွေကျပ် နှစ်သိန်းခန့်ရောင်းချရပြီး အသားဈေးနှုန်းအနေဖြင့် တစ်ပိဿာကို ငွေကျပ် ၁၅၀၀၀ နှုန်းခန့်ရောင်းချရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ကျေးလက်နေတောင်သူတွေအတွက် စိုက်ပျိုးရေးလုပ်ငန်းနဲ့ တွဲဖက်ပြီး တစ်ပိုင်တစ်နိုင် သိုး ၊ ဆိတ် မွေးမြူရေးလုပ်ငန်းဟာ မိသားစုအပိုဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေပါတယ်” ဟု ပွင့်ဖြူမြို့နယ် လယ်ဖီလာကျေးရွာမှ တစ်ပိုင်တစ်နိုင် သိုး၊ ဆိတ်မွေးမြူးရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဒေသခံတောင်သူများက တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြကာ အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး ၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲတီစိမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီး၊ ပဲယင်း၊ ပဲလွမ်း၊ ပဲနောက်၊ ဖူးစားပြောင်း၊ အခြားစားဖိုဆောင်သီးနှံမျိုးစုံနဲ့ ဘုရားပန်းမျိုးစုံတို့ကို စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရကာ စိုက်ပျိုးရေဖူလုံစွာရရှိသဖြင့် စိုက်ပျိုးသမျှ သီးနှံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။ အချို့ကျေးရွာများ၌ ဒေသခံတောင်သူများက မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်ကာ တစ်ပိုင်တစ်နိုင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းကို မွေးမြူလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။    

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)