ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်သည့်အသိပညာပေးTank Show နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်

အင်္ဂပူ    စက်တင်ဘာ   ၃၀

ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်သည့်အသိပညာပေး Tank Show နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်ခဲ့သည်။

အခမ်းအနားပထမပိုင်းတွင် ကိုဗစ်-၁၉ ကူးဆက်ရောဂါနှင့် ပတ်သက်သည့်အသိပညာပေး Tank Show ကို ပြုလုပ်ရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးက အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သော မြို့နယ်ဆရာဝန်ကြီး ဒေါက်အောင်မြင့်စိုးက ကိုဗစ်၁၉ ရောဂါ ကာကွယ် နည်းလမ်းများ၊24-Hour လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်ဝင်းလှိုင်မက မြို့နယ် ကော်မတီအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု ကိုလည်းကောင်း ၊မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ရဲဝင်းက ကိုဗစ်- ၁၉ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော အမိန့်ညွှန်ကြား ချက်များအား ပြည်သူများလိုက်နာရေးနှင့် စည်းကမ်း ဖောက်ဖျက်သူများအားအရေး ယူဆောင်ရွက်မှုများအား လည်းကောင်း၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က ကိုဗစ်-၁၉ ရောဂါအားပြည်သူများမှ ကျန်မာရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများအား  လိုက်နာပြီးပူးပေါင်း ကာကွယ်ရေးတို့အား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအားဆက်လက်ကျင်းပရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော် မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်နှင့် မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်စိုး တို့က အမှာစကားများပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများအား ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဋ္ဌမှ ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ရာကော်မတီ ဝင်များနှင့်လူမှုရေးအသင်းများကလက်ခံ ရယူခဲ့ပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟမှ စစ်ဆေးရေးဂိတ်များနှင့် Quarantine  Center များမှတာဝန်ရှိသူများအား နှာခေါင်းစည်း(Mask)များ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းများမှ တာဝန်ရှိသူများ၊  ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းနှင့် အခမ်းအနားအား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှချမှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)