ပုသိမ် မတ် ၆
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကာ ထူးမခြားနား သီချင်းခန့်ဖြင့် ပူဇော်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ချီးမြှင့်အလှူခံရရှိတော်မူသော ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ ပါဋိတက္ကကျောင်းတိုက်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တအာဒိစ္စာဘိဝံသ အရှင်သူမြတ်က သမ္မောဒနီယကထာ ချီးမြှင့်တော်မူပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီးနောက် ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော် အမှူးပြုသော အပူဇော်ခံ ပင့်သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးတို့နှင့် တာဝန်ရှိသူများက လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး( ၁၉)ပါး၊ ပထမပြန်၊ ဓမ္မာစရိယ၊ နိကာယ်စာမေးပွဲတို့တွင် အထူးအောင်သံဃာ (၄)ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဒုတိယဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများမှလည်းကောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး (၃)ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးနှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့မှလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်း ဒေသကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မရမ်းချိုကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသောဘိတ မဟာထေရ်အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီးများအား ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဆွမ်းဆန်တော်နှင့် လှူဘွယ်ဝတ္ထုအစုစုတို့အား လောင်းလှူပူဇော် ခဲ့ကြသည်။ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စေတနာရှင်အလှူရှင်များမှ ဝတ္ထုငွေနှင့် လှူဘွယ်ပစ္စည်းတန်ဖိုးစုစုပေါင်း (၁၅၁၃၆၅၀၀) တစ်ရာ့ငါးဆယ်တစ်သိန်း သုံးသောင်း ခြောက်ထောင်ငါးရာကျပ် တိတိအား လောင်းလှူခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)