မြဝတီ မတ် ၇
ကျောင်းသား၊ကျောင်းသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ စနစ်တကျ ရေးဆွဲတတ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြဝတီမြို့နယ် ပန်းချီ၊ ပန်းပု အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးက သင်တန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် မြဝတီမြို့နယ်ပန်းချီပန်းပု အစည်းအရုံးတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး မြဝတီမြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသူ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး တက်ရောက်မည်ဖြစ်ကာ မတ်လ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ (ရုံးပိတ်ရက်မပါ) ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)