ဘားအံ မတ် ၆
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်တွင် ကျောင်းတိုက်အသီးသီး၌ စာသင်၊စာချ သီတင်းသုံးနေထိုင်တော်မူ ကြသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှု မရှိစေရေး၊ ပစ္စည်းလေးပါး အဆင်ပြေစေရေးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော်ကိုအထောက်အပံ့ဖြစ်စေရေးရည်မှန်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အမှတ်(၂)ရပ်ကွက်ရှိ အဆိုပါစေတီတော်တည်နေရာ၌ ကျင်းပသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်၎င်းတို့၏မိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ဗုဒ္ဓဘာသာနွယ်ဝင် စေတနာရှင်ပြည်သူများက ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသော ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်း ၂၅ ကျောင်းမှ ရဟန်း၊ သာမဏေ ၁၆၃၆ ပါး၊ သီလရှင်ကျောင်း ၁၄ ကျောင်းမှ သီလရှင် ၆၇၆ ပါး စုစုပေါင်း ရဟန်း၊သာမဏေ၊ သီလရှင် ၂၃၁၂ ပါးတို့အား ဆွမ်းဆန်တော်၊ ခေါက်ဆွဲခြောက်၊ အသုံးအဆောင်ပစ္စည်းများ၊ တိုင်းရင်းဆေးအမျိုးမျိုးနှင့် လူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြသည်။
ထိုသို့လောင်းလှူရာတွင် ဗုဒ္ဓဘာသာဝင်တို့၏ အလှူပေးခြင်းအစဉ်အလာကို အမွေခံရန်၊ ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့်ဗုဒ္ဓဘာသာဝင်များအကြား ဆရာ၊ဒကာညီညွတ်မျှတစွာဖြင့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရန်၊ သာသနာတော်စည်ပင်ပြန့်ပွားရေးကို ချီးမြှင့်ထောက်ပံ့နိုင်ရန်အတွက် တပေါင်းလပြည့်နေ့တွင် ပရိယတ္တိ၊ပဋိပတ္တိတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသော ဆရာတော်၊သံဃာတော်အရှင်သူမြတ်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ကြည်ဖြူစွာလက်တွဲ၍ ဆွမ်းဆန်တော်အစရှိသောပစ္စည်းလေးပါးတို့ကို လှူဒါန်း ခြင်းဖြင့် ကုသိုလ်ဒါနမျိုးစေ့ချ၍ ပစ္စုပ္ပန်၊သံသရာနှစ်ဖြာကောင်းကျိုးတို့ကိုစုစည်းညီညာစွာပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ဆရာဒကာစုံလင်စွာဖြင့် ခြိမ့်ခြိမ့်သဲသဲ ဆွမ်းဆန်စိမ်းလောင်းလှူနေမှုအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုထည့်သွင်းကျင်းပသည်မှာ ပထမဆုံးဦးဆုံးအကြိမ်ဖြစ်ကာ စည်ကမ်းကျနသော အစုအပေါင်းအားဖြင့် ကောင်းမှုကုသိုလ်ပြုကြခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ စတုဒိသာလှူဒါန်းပွဲကို မွန်းလွဲ ၅ နာရီခန့်က ဘားအံမြို့မဘောလုံးအားကစားကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့ကျက်သရေဆောင်သမိုင်းဝင်ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပြီး အများပြည်သူစိတ်အေးချမ်းသာစွာပါဝင်ဆင်နွှဲနိုင်ရေး မိမိတို့အစိုးရအဖွဲ့မှ အဘက်ဘက်မှ ကြိုပမ်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းရင်းသားမိဘပြည်သူများအနေဖြင့် လည်း မိမိတို့အစိုးရအဖွဲ့နှင့်အတူ ပျော်ရွှင်အေးချမ်းစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်စတုဒိသာလှူဒါန်းပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့မဘောလုံးကွင်းအတွင်း ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်ရှိရပ်ကွက်များမှ မိဘပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းစတုဒိသာမဏ္ဍပ် ၆၂ ခုမှ ဆနွင်းမကင်း၊ ဟာလဝါ၊ မုန့်ထန်းလိမ် အစရှိသော မြန်မာမုန့်အမျိုးမျိုး၊ ပဲနို့၊ မုန့်လက်ဆောင်း အစရှိသော အချိုရည်အမျိုးမျိုး၊ မုန့်ဟင်းခါး၊ လက်ဖက်ထမင်း အစရှိသော စားဖွယ်အမျိုးမျိုး၊ ဗူးသီးကြော်၊ ကြာဇံကြော် အစရှိသော အကြော်အမျိုးမျိုးတို့ဖြင့် စတုဒိသာတည်းခင်ဧည့်ခံမှု၊ ဘားအံမြို့ပေါ်ရှိရပ်ကွက်များနှင့် ပတ်ဝန်းကျင် ဒေသများမှ စတုဒိသာလာရောက်သုံးဆောင်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တစ်ချိန်တည်းတွင် ဝန်ကြီးဌာနအလိုက် မီးပုံးပျံလွှတ်တင်မှုအား ကြည့်ရှုအားပေးခဲ့ကြကာ တည်ခင်းဧည့်ခံသော အစားအသောက်များကို သုံးဆောင်၍ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်စတုဒိသာလှူဒါန်းပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
ဘားအံမြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို အာရုံဆွမ်း၊ သစ်သီးဆွမ်းများဆက်ကပ်လှူဒါန်းခြင်း၊ မသိုးသင်္ကန်းများဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓပူဇနိယပူဇော်ပွဲ ကျင်းပခြင်း၊ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲများကျင်း ပခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဧည့်ပရိတ်သတ်များအား စတုဒိသာကျွေးမွေး ဧည့်ခံခြင်းနှင့် ညလုံးပေါက်ဇာတ်သဘင်များဖြင့် ကပြဖျော်ဖြေခြင်း များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး အများပြည်သူစိတ်အေးချမ်းသာစွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်း ရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)