ကျွန်းစု မတ် ၆
(၂၀၂၃)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ စာစစ်ဌာနများ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား/သူများ စာမေးပွဲကို အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စာမေးပွဲကျင်းပမည့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ အ.ထ.က ကျွန်းစု(စာစစ်ဌာန)ကျောင်း၌ စာဖြေခန်းများ ပြင်ဆင်ထားနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနကျောင်းများရှိ စာစစ်မှူးရုံးခန်း၊ စာဖြေခန်းများ၊ ကျန်းမာရေးခန်း၊ သန့်စင်ခန်း၊ စာဖြေအဝင်အထွက်ဂိတ်များ ပြင်ဆင်ထားရှိမှုများနှင့် မီးဘေးလုံခြုံရေး အန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ကြည့်ရှုစစ်ဆေးရာ၌ ကျောင်းသား/သူများ စာမေးပွဲလာရောက်ဖြေဆိုရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေး၊ ကျောင်း အပြင်စည်း အတွင်းစည်း လုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ စာမေးပွဲဆိုင်ရာ ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိပြီး ကျွန်းစုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနဖြစ်သော အ.ထ.က ကျွန်းစုကျောင်း၌ တက္ကသိုလ်စာမေးပွဲဖြေဆိုကြမည့် စာရင်းရှိ ကျောင်းသား(၁၀၀)ဦး၊ ကျောင်းသူ(၂၂၂)ဦး စာရင်းရှိ(၃၂၂)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စည်သူရအောင်(ကျွန်းစု)