သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

သရက်ချောင်း   မတ်  

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် မီးကိုစနစ်တကျသုံးစွဲတတ်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးဆေးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးချိပ်၊ မီးကတ်၊ မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် သုံးစွဲပုံနည်းလမ်းများအကြောင်း၊ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအား ခံနိုင်ဝန်ထက် ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် ပေါက်ပြဲနေသောဝိုင်ယာကြိုးများအားအသုံးခြင်းမပြုရန်၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာလျှင် မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ရန်၊ မိမိပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ် ကြုံတွေ့သောအခါ လုပ်ဆောင်ရန်လိုအပ်သည်များကိုရှင်းလင်းပြောကြားခြင်း၊ မိမိအိမ်တွင် မီးကိုစနစ်တကျသုံးစွဲရန် စသည့်အကြောင်းအရာများဖြင့် အကျယ်တဝင့် ဟောပြောခြင်းနှင့် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက သရုပ်ပြခြင်းများသင်ကြားပေးခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာသော ရပ်မိ/ရပ်ဖများကို လက်တွေ့လုပ်ဆောင်စေခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)