ပဲခူး မတ် ၆
ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးဖွင့်လှစ်သည့် အခြေခံမိတ်ကပ်လိမ်းခြယ်နည်းနှင့် ဆံကေသာထုံးဖွဲ့နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်စိုးစိုးသက်က မိမိတို့တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ချမှတ်ထားသော ရည်ရွယ်ချက်(၇)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများဘဝဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ဟူသော ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၏ ဘဝအခြေမြင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် အချိန်ကုန် ပင်ပန်းရကျိုးနပ်အောင် မိမိတို့ပိုင်ဆိုင်သည့် အရည်အသွေး၊ အရည်အချင်းများကို အသုံးချပြီး သင်တန်းဆရာများ၏ လေ့ကျင့်သင်ကြားမှုများကို ကြိုးစားသင်ယူပြီး လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်သည်အထိ ကိုယ်တိုင်မှတ်သားလေ့လာသင်ယူသွားဖို့လိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်စိုးစိုးသက်နှင့် ဥက္ကဋ္ဌဒေါ်နန်းမြင့်သီတာတို့မှ သင်တန်းဆရာများအတွက် ချီးမြှင့်ငွေ(၆)သိန်းကျပ်အား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌများနှင့်အတူ သင်တန်းဆရာများမှ သင်တန်းသူများအား အခြေခံမိတ်ကပ်လိမ်းခြယ်နည်းနှင့် ဆံကေသာထုံးဖွဲ့နည်းသင်ကြားနေမှုကို ကြည့်ရှုအားပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား မတ်လ(၆)ရက်နေ့မှ (၁၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ သင်တန်းသူ(၂၅)ဦး တက်ရောက်ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)