ဒေးဒရဲမြို့နယ်၊ မြို့ကျက်သရေဆောင် ဆုတောင်းပြည့်စုံကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဒေးဒရဲ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြို့ကျက်သရေဆောင် ဆုတောင်းပြည့်စုံကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၅)နာရီက ကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်၌ အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲတွင်ပါဝင်၍ ရွတ်ပွားပူဇော်ခဲ့ကြသော သံဃာတော်အရှင်သူမြတ်များအပါအဝင် မြို့ပေါ်ပတ်ဝန်းကျင်ကျေးရွာ ကျောင်းတိုက်များမှ သံဃာတော်အရှင်သူမြတ် (၁၀၈)ပါးနှင့် မြတ်စွာဘုရား အမှူးထား၍ စုစုပေါင်း (၁၀၉)ပါးတို့အား မြို့နယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တုများကို လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။

ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်တွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ပွားပူဇော်ခြင်း၊ ဆွမ်တော်ကြီးပေါင်း စုပေါင်းကပ်လှူခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်းနှင့် ဘုရားဖူးပြည်သူများကို စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အေဇာလင်း