ဖား​ဆောင်းမြို့၌ တက္ကသိုလ်ဝင်တန်း​ဖြေဆိုမည့် အ.ထ.က(ဖား​ဆောင်း)စာစစ်ဌာနသို့ မီး​ဘေးအန္တရာယ်ကင်းရှင်း​ရေး ကွင်းဆင်းစစ်​ဆေး

ဖား​ဆောင်း မတ် ၆

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့ အ​ခြေခံပညာအထက်တန်း​ကျောင်း၌ မြို့နယ်အုပ်ချုပ်​ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တက္ကသိုလ်ဝင်တန်း​ဖြေဆိုမည့် စာစစ်ဌာန အ.ထ.က(ဖား​ဆောင်း)မီး​ဘေးအန္တရာယ်ကင်းရှင်း​ရေး ကွင်းဆင်းစစ်​ဆေးခြင်းကို​ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း​စာ​မေးပွဲဖြေဆိုကြမည့် ​ကျောင်းသား၊​ ကျောင်းသူများ စိတ်​အေးချမ်းသာစွာ စာ​မေးပွဲ​ဖြေဆိုနိုင်​စေရန်နှင့် မီး​ဘေးအန္တရာယ် ဖြစ်​ပေါ်မှု မရှိ​စေ​ရေးတို့အတွက် မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနတာဝန်ခံ ဦးသိန်း​ဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က အ.ထ.က(ဖား​ဆောင်း)စာစစ်ဌာနတွင် မီးသတ်​ဆေးဘူးများထားရှိမှု၊​ ကျောင်းဝင်းအတွင်း​ရေကန်များ​ရေဖြည့်​သွင်းထားမှု၊ အမှိုက်သရှိုက်များအား ရှင်းလင်းထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊​ရေပုံးထားရှိမှုတို့ကို မီးသတ်ဦးစီးဌာန၏ညွှန်ကြားချက်နှင့်အညီ​ ဆောင်ရွက်ထားရှိ​စေ​ရေးကြည့်ရှုစစ်​ဆေးခဲ့​ကြောင်းနှင့်​ ကျောင်းပတ်ဝန်းကျင်​နေအိမ်များတွင်လည်း မီး​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေးနှင့်ကင်းရှင်း​ရေး အသိပညာ​ပေးခြင်းများ​ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ မီး​ဘေးအန္တရာယ်ကင်းရှင်း​ရေး ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦး၊ တာဝန်ရှိ ဌာနဆိုင်ရာများနှင့်အတူ ပညာ​ရေးဌာနမှတာဝန်ရှိသူ ဆရာများကပူး​ပေါင်း ပါဝင်​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)