ပန်းတနော်မြို့၌ ရှေးဟောင်းသမိုင်းဝင်ကျက်သရေဆောင် ရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ပိတ်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ပန်းတနော် မတ် ၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်လုံးဆိုင်ရာ ရှေးဟောင်းသမိုင်းဝင် ကျက်သရေဆောင် ရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ၁၃၈၄ ခုနှစ်၊ တပေါင်းလ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ပိတ်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို မတ်လ ၅ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကတော့ပြီး နိုင်ငံတော်သံဃာဝန်ဆောင် ပန်းတနော်မြို့ ပုခန်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ ပရိတ်တရားတော်များနာကြားခဲ့သည်။ ဆက်လက်၍ အောင်သပြေကုမ္ပဏီမိသားစုမှ ရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ထာဝရငွေပဒေသာပင် အတွက်ငွေကျပ်သိန်း (၃၀၀) နှင့် ပြည်လုံးချမ်းသာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွက် ငွေကျပ်သိန်း (၁၀၀) တို့အား ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် မြို့နယ်သာသနာ့နုဂ္ဂဥပဋ္ဌာကဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဝင်းတို့မှ လက်ခံယူပေးခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကာ ဘုရားပွဲတော်ရက်အတွင်း လှူဒါန်းမှူအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

ထို့နောက် ကြွရောက်တော်မှုလာကြသော သံဃာတော်အရှင်သူမြတ်များအား စေတနာရှင် အလှူရှင်ပြည်သူများမှ ဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ ဆက်)