စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်း ခြင်း နှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ဘုတလင်   စက်တင်ဘာ   ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေဖြင့် လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းခြင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးမြင့်ဟံထွန်း၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးကျော် မိုးလွင် နှင့် အဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်ချမ်းသာကျေးရွာမှ ချောင်းမီးတိုနှင့် နှောပင်ကြီး ကျေးရွာ တို့သို့ လျှပ်စစ်ဓာတ်အားလိုင်း ၄ ဒဿမ ၃ မိုင်၊ ကဘဲ့ကျေးရွာမှ ချင်းတွင်းနှင့် ဝက်ပုတ် ကျေးရွာတို့သို့ လျှပ်စစ်ဓာတ်အားလိုင်း ၄ ဒဿမ ၄ မိုင် သွယ်တန်းနေမှု၊ ချင်းတွင်းနှင့် ဝက်ပုတ် ကျေးရွာတို့တွင် ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ဓာတ်အားခွဲရုံ နှစ်ရုံ တည်ဆောက်နေမှု အခြေအနေများကို မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းခြင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်း များကို Thousand Win ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ သတ်မှတ်ကာလ အတွင်း စံချိန်စံညွှန်း ပြည့်မီစွာ ပြီးစီးရေးအတွက် မြို့နယ် အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)